အပိုင်း(၃၂)

398 41 0
                                    

အပိုင်း(၃၂) အိမ်မွေးခွေးဝယ်ယူခြင်း

"ရှင်က သေချာနားလည်တယ်ပေါ့" ဇီယန်သည် လှောင်ပြောင်ဟန်ဖြင့် "ဒီကိစ္စကို အခုမပြောသေးဘူး၊ မနက်တုန်းကရော ဘာလုပ်တာလဲ။ နေ့ခင်းဘက်ဆိုရင် ဟောင်ကောင်က ဘယ်လောက်ပူလဲမသိဘူးလား။ မုန့်မုန့်ကို နေပူခံ လေတိုက်ခံဖို့ တောင်ပေါ်ကို ခေါ်သွားတာ ကောင်းတယ်ထင်နေတာလား။ ချွေးတွေရွဲနေတဲ့ မုန့်မုန့်ရဲ့ မျက်နှာကိုကြည့်စမ်းပါဦး။ ရှင်ဒါ‌လေးတောင် ထည့်မတွက်ဘူးလား"

"လခြမ်းတောင်ရဲ့ အပူချိန်က လုံးဝ မမြင့်ပါဘူး" ကျန်းဟန် အေးအေးဆေးဆေးပင် ပြန်ဖြေသည်။

"ရှင် ထပ်လိမ်ပြန်ပြီ။ ကျန်းဟန် ရှင် လူတွေကို ဖြီးမယ်ဆိုလည်း အနည်းဆုံး အခြေခံအချက်လေးတော့ ရှိသင့်တယ်မလား။ ဟောင်ကောင်တစ်မြို့လုံးရဲ့ အပူချိန်က ဒီလောက်ပူနေတာ။ ဒါတောင် ရှင့်လခြမ်းတောင်ရဲ့ အပူချိန်က မပူဘူးလား" ဇီယန်သည် မကျေမနပ်ဖြင့်ပြောသည်။

"လခြမ်းတောင်ကို နောက်တစ်ခေါက်ရောက်ရင် မင်းသိလိမ့်မယ်" ကျန်းဟန်သည် တည်ငြိမ်စွာပင်ပြောသည်။ ခဏလောက်စဉ်းစားပြီး ဆက်ပြောလိုက်သည်။

"မင်းလခြမ်းတောင်ကို ပထမအခေါက်ရောက်တုန်းက ညဘက်ဆိုတော့ သဘာဝအတိုင်း ဘာမှ မခံစားနိုင်တော့ဘူး။ နေ့ခင်းဘက် လခြမ်းတောင်ကို မင်းရောက်တဲ့အခါသိလိမ့်မယ်။ ပြီးတော့ လခြမ်းတောင်ပေါ်က နေ့ခင်းဘက်ဆို ညဘက်နဲ့စာရင် ပိုပြီး လှတဲ့အရာတွေကို မင်းတွေ့နိုင်သေးတယ်"

ဇီယန်၏အမူအရာမှာ ခဏရပ်တန့်သွားပြီး သူမ၏နှုတ်ခမ်းထောင့်မှာတွန့်ကွေးသွားသည်။ သူမ၏လေသံမှာ အနည်းငယ်ပျော့ပြောင်းလာပြီး စကားတစ်ခွန်းပြောလိုက်သည်။
"ဒါဆို... ဒါကရှင်ကျွန်မကို ဖိတ်နေတာလား"

သို့သော်လည်း ကျန်းဟန်ပြောလိုက်သည့်စကားက သူမ၏ခံစားချက်လေးကို ပျက်စီးသွားစေသည်။

"ဒါက ငါ့ရဲ့ဖိတ်ကြားမှုလို့ မင်းယူဆလို့ရပါတယ်၊ လာမယ် မလာဘူးဆိုတာတော့ မင်းအပေါ်ပဲမူတည်တယ်"

"ဟွန့်" ဇီယန်သည် သူ့အား အနည်းငယ်စိုက်ကြည့်ကာ သူမ၏ ကောင်းဘွိုင်ဂျာကင်ကို ချွတ်လိုက်ပြီး ကျက်သရေရှိသည့်သူမ၏အသွင်အပြင်ကို ပေါ်လွင်စေသော အဖြူရောင်အောက်ခံအင်္ကျီလေးကို ပေါ်ထွက်လာစေသည်။ ထိုင်ခုံပေါ်တွင်ထိုင်ရင်း ကျန်းဟန်အား စိုက်ကြည့်လိုက်ပြီး
"ရှင်ပြောင်းလဲသွားပြီ" ဟု ပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now