🌻 (1)

280 22 2
                                    

အပိုင်း ၁ - တစ်ယောက်ယောက်လာနေပြီ၊ သူ ကြောက်သွားအောင် ခြောက်လိုက်ကြစို့။

နေကြာပန်းခင်းအလယ်တွင် ဝိညာဉ်စွမ်းအင်ရှိသော သန့်စင်ထားသည့် နေကြာပန်းလေးတစ်ပင် ရှိ၏။

လောလောလတ်လတ် သန့်စင်ခံထားရသော ဝိညာဉ်စွမ်းအင်ရ နေကြာပန်းပင် ဖြစ်သည့်အလျောက် သူ့တွင် စကားပြောဖော်မရှိ။ သူ့ဘေးက နေကြာပန်းတို့မှာ ဝိညာဉ်စွမ်းအင် မရှိသေးသည်ဖြစ်၍ သာမန်နေကြာပန်းအဖြစ် ရှိနေကြဆဲပင်။ သန့်စင်ထားသော နေကြာပန်းလေးမှာ နေ့နေ့ညည အထီးကျန်ပြီး တစ်ယောက်တည်း ပျင်းနေရသည်။ သူ့အတွက် တစ်ခုတည်းသော ပျော်စရာက လူသားများအား ခြောက်လှန့်ရခြင်းဖြစ်၏။

လရောင် မှိန်ပျပျဆမ်းနေသော ထိုညသည် တစ်ယောက်ယောက်ကို ခြောက်လှန့်ဖို့ အကောင်းဆုံးညဖြစ်သည်။

နေကြာပန်းခင်းဘေးက လမ်းသွယ်လေးတွင် ရှောင်တောက်ကျိ (ဘုန်းကြီးလေး) တစ်ပါးသည် ဓားတစ်လက်ကိုင်ရင်း ရင်တုန်ပန်းတုန်ဖြင့် လမ်းသွယ်လေးအတိုင်း လျှောက်လာခဲ့၏။ ဘေးပတ်၀န်းကျင်ကို တောင့်တောင့်ကြီး ဝေ့ကြည့်ပြီး ရှောင်တောက်ကျိ ခြေလှမ်းတို့ မြန်လာသည်။

သန့်စင်ထားသော နေကြာပန်းသည် သူ့ဝိညာဉ်စွမ်းအင်ကို ဆင့်ခေါ်ပြီး ဘေးနားက အခြားသော သာမန်နေကြာပန်းများဆီ ဖြန့်ကျက်လိုက်သည်။

“ ထကြတော့ နေကြာပန်းလေးတွေရေ”

သာမန်နေကြာပန်းပင်များ :“……”

သန့်စင်ထားသော နေကြာပန်း :“ တစ်ယောက်ယောက် လာနေပြီ၊ သူ့ကို ကြောက်အောင်ခြောက်လိုက်ကြစို့”

သာမန်နေကြာပန်းပင်များ :“………”

သန့်စင်ထားသော နေကြာပန်းက  ၁ ၂ ၃ ရေပြီး အမိန့်ပေးလိုက်သည်။

“ သူ့ကို စိုက်ကြည့်ကြ !”

သန့်စင်ထားသော နေကြာပန်း၏ အမိန့်အောက် တောင်တန်းများဆီ စွဲစွဲမြဲမြဲ မျက်နှာမူထားသော နေကြာပန်းခင်းကြီးတစ်ခုလုံး ရှောင်တောက်ကျိဘက်သို့ ပြိုင်တူ ခေါင်းလှည့်လာကြ၏။

Refined Sunflower and the Little Priest [Trans:]Where stories live. Discover now