အပိုင်း(၁၃၀)

314 27 0
                                    

အပိုင်း(၁၃၀)ဖိတ်ခေါ်မထားသည့် ဧည့်သည်

မြေအောက်ဂိုဏ်းများ၏ တုံ့ပြန်မှုကို ဘေးချိတ်ထားပေဦးမည်။

ကျန်းဟန်သည် လီအန်နာကို သူမ၏နေထိုင်ရာသို့ ပို့ပေးပြီးနောက် ယွမ်ရင်ဥယျာဉ်တို့ တန်း၍ ပြန်လာခဲ့သည်။

ဓာတ်လှေကားကတ်ဖြင့် တိုက်ခန်းသို့ အတားအဆီးမရှိ ဝင်ရောက်လာခဲ့သည်။ တံခါးကို ခေါက်လိုက်သည့်အခါ ဝမ်ကျွမ့်က နွေးထွေးသည့်အပြုံးဖြင့် တံခါးလာဖွင့်ပေးသည်ကို တွေ့လိုက်ရ၏။

"မစ္စတာကျန်း ပြန်လာပြီ"

ပြောနေရင်းဖြင့် သူမသည် ကျန်းဟန်အား တစ်ခါသုံးပစ္စည်းများမဟုတ်တော့သည့် အမျိုးသားဖိနပ်တစ်ရံကို ယူလာပေးသည်။ ဝမ်ကျွမ့် ဈေးသွားရင်း ဝယ်လာခဲ့ခြင်းဖြစ်၏။ သူမ၏စိတ်ထဲတွင် ကျန်းဟန်ကို ဇီယန်၏ခင်ပွန်းအဖြစ် မှတ်ယူထားခဲ့လေသည်။

သူမသည် ကျန်းဟန်လာသည့် အချိန်တိုင်း ဇီယန်၊ မုန့်မုန့်နှင့် သူ့အား လိုက်ဖက်ညီကာ ပျော်ရွှင်ဖွယ်မိသားစုလေးအဖြစ် တကယ်ကို မြင်နေမိပြီဖြစ်သည်။

မုန့်မုန့်သည် ကျန်းဟန် ဒုတိယထပ်သို့ တက်လာသည်ကိုမြင်သည်နှင့် သူ့ဆီသို့ ပြေးလာပြီး လက်ကလေးနှစ်ဖက်ကို ဆန့်တန်းကာ ကလေးသံလေးဖြင့် ပြောလေ၏။

"ဖေဖေ ဖေဖေ ဘာလို့အရမ်းနောက်ကျနေတာလဲ။ ၁၁ နာရီတောင် ထိုးနေပြီ"

ကျန်းဟန်က မုန့်မုန့်အား ပွေ့ချီလိုက်ပြီး ပြုံး၍ပြောလိုက်သည်။

"ဖေဖေက လုပ်စရာလေး ရှိနေလို့ပါ"

ကျန်းဟန်၏အပြုံးသည် တည်ကြည်လေးနက်သည့်ဖခင်တစ်ယောက်အလား ရှိနေသော်လည်း ယခင်ကကဲ့သို့ သတ်ဖြတ်ခြင်းအငွေ့အသက်များ ရှိမနေတော့။ မုန့်မုန့်အား သူ၏ရင်ခွင်ထဲတွင် ပွေ့ချီထားသည်။ သူမလေး၏ နူးညံ့သိမ်မွေ့သည့် ပါးပြင်လေးများနှင့် ပျော်ရွှင်နေသည့်အပြုံးလေးကို မြင်လိုက်ရသည့်အခါ ကျန်းဟန်၏ နှလုံးသားမှာ တဖြည်းဖြည်း အရည်ပျော်လာခဲ့သည်။

'မုန့်မုန့်က ငါ့ရဲ့ ရတနာလေးပဲ။ ငါ သူမကို ငါ့တစ်ဘဝလုံး ကာကွယ်စောင့်‌ရှောင့်ပေးမယ်'

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now