အပိုင်း(၁၅၆)

329 29 0
                                    

အပိုင်း(၁၅၆) လွတ်မြောက်ရေးဉာဏ်ကြီးရှင်အစီအစဉ်

သင်္ဘောပေါ်တွင် လူများများစားစား မပါရှိပေ။ ကျောက်ဖုန်း၊ နင်ရွှမ်၊ ဇီလုံနှင့် လူစားထိုးလန်ဖုန်းတို့သည် အခန်းထဲ၌ပင် ရှိနေကြသေးသည်။ ခရီးတစ်လျှောက် ပင်ပန်းနွမ်းနယ်နေကြသဖြင့် မျက်လုံးများကိုမှိတ်ကာ ထိုင်ခုံပေါ်တွင် ထိုင်နေကြ၏။

"ကျွန်တော် သန့်စင်ခန်းသွားလိုက်ဦးမယ်" ဇီလုံက ပြောပြောဆိုဆို ထရပ်ကာ အပြင်ထွက်သွားသည်။

သန့်စင်ခန်းသို့ရောက်သည့်အခါ ဇီလုံသည် အိမ်သာမသွားဘဲ ဘေစင်တွင် ရေအေးအေးဖြင့် မျက်နှာသစ်လိုက်သည်။ ခေါင်းကိုမော့ကာ မှန်ထဲမှ သူ့ကိုယ်သူ အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် ပြန်ကြည့်လိုက်ရင်း မှန်ထဲရှိ ဝိုးတဝါးတားမျက်နှာကို ခပ်တိုးတိုးလေးရေရွတ်ကာ ပြောလိုက်သည်။

"ဒီကိစ္စပြီးသွားရင် စည်းစိမ်ချမ်းသာတွေအကုန်လုံး မင်းခံစားရမှာ။ ဟောင်ကောင်ကနေ ထွက်သွားပြီးတော့ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့ နေပြီး သမ္မာအာဇီဝအလုပ်လုပ်ပါ"

ထိုစကားများကို ပြောပြီးနောက် သူသည် အကျည်းတန်သည့်အကြည့်ဖြင့် တည်နေရာပြစက်သေးသေးလေးကို ထုပ်ကာ နှိပ်လိုက်သည်။ ထိုနောက် အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး သန့်စင်ခန်းထဲမှ လှည့်ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အခန်းထဲရှိ ကျောက်ဖုန်းသည်လည်း ခေါင်းကို ငုံ့လိုက်သည်။ သူ၏အိတ်ကပ်ထဲမှ ဆဲလ်ဖုန်းသေးသေးလေးကို အမှတ်တမဲ့ဖြင့် ထုတ်ကာ မက်ဆေ့ချ်တစ်စောင်ရိုက်ပြီး ပို့လိုက်၏။

သို့သော် နောက်ဆုံးတွင်တော့ အတွင်းဆုံးအခန်းထဲရှိ လန်ဖုန်းအစစ်သည် အနီရောင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့် စခရင်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့်အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"အားလုံး လှုပ်ရှားကြပြီပေါ့လေ"

"ကြည့်ရတာ...ပွဲစတော့မယ်ထင်တယ်"

လန်ဖုန်းသည် လက်တော့ပ်ကို ပိတ်လိုက်ပြီး မတ်တပ်ထရပ်ကာ ဘော်ဒီဂတ်ခြောက်ယောက်အား ကြည့်၍ ပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now