စားစော် (အပိုင်း ၂၃)
တိတ်ဆိတ်သည့် ပတ်ဝန်းကျင်၊ မထိန်မလင်း မီးရောင်နှင့် နှစ်ကိုယ်တည်းရှိနေသည် ဆိုသည့်အတွေးတို့ကြောင့် မပူအိုက်ပါဘဲ ချွေးစို့နေလေသည်။ ဃနာမငြိမ်သည့် သူ့ရင်ဘက်ကို မသိမသာလက်နှင့် တစ်ချက်ဖိလို့ ငြိမ်ဆေးကျွေးနေမိသည်။ ဘာကြောင့်များ မြန်မြန်ပြန်ပါတော့ဟု မပြောမိပါဘဲ မအေးတိုက်သည့် နွားနို့ကို စိမ်ပြေနပြေသောက်နေမိမှန်း သူ့ကိုယ်သူနားမလည်နိုင်တော့ပေ။
"နွားနို့မကြိုက်ဘူးလား"
ခပ်တိုးတိုးနှင့် ညှင်ညှင်သာသာမေးလာသည့် မအေး၏အသံက ပကတိတည်ငြိမ်နေ၏။ နွားနို့ခွက်ကိုကိုင်ထားသည့်သူ့မှာသာ လူမသိသူမသိ ရင်တွေလှုပ်ခါယိမ်းထိုးနေလေသည်။ ဟန်ဖို့ကိုတည်ကာ သောက်လက်စခွက်ကို အကုန်မော့လျှက် မအေးဆီပြန်ပေးလိုက်ရသည်။ ထို့နောက် နူတ်ကနေလွှတ်ခနဲထွက်သွားသည်မှာ မအေးကို ပြန်ခိုင်းမိချင်းပင်။ ထမင်းစားပြီး ချက်ချင်းနွားနို့သောက်မိ၍လားမသိ၊ သူ့မှာအိပ်ချင်သလိုလိုပင်ရှိလို့နေလေသည်။
"ပြန်ပါ"
မအေးက ခေါင်းသာတစ်ချက်ညိတ်ပြ၏။ သူသောက်ပြီးသားခွက်ကိုယူလျှက် အနောက်ထဲကိုတစ်ခါ ထပြန်သွားကာ ဆေးကြောပြန်လေသည်။ သူ့ရင်ထဲကနေ တီးတိုးမေးလိုက်မိသည်မှာ မအေးဒီညပြန်ဖြစ်ဦးမှာလားလို့ပင်။
"ချိုင့်ထဲက ဟင်းတွေလှယ်ပေးထားခဲ့တယ်၊ နွားနို့ကျန်တာလေးလည်း ခွက်နဲ့သေချာထည့်ပေးထားတယ်။ မနက်ကြရင် သေချာစားလိုက်ပါ။ "
"ဒီနေ့တော့ ရှိစေတော့ နောက်နေ့ဒီလိုမျိုးတွေ လာမလုပ်ပေးပါနဲ့။ ကျွန်တော်မကြိုက်ဘူး။ ပတ်ဝန်းကျင်မှာလည်း အမြင်မသင့်တော်ဘူး။ အခုလိုမိုးချုပ်တော့ ပိုဆိုးတယ်"
"ပတ်ဝန်းကျင်ဆိုတာက တစ်စိတ်ဆို တစ်အိတ်လောက်ပြောကြတာ သဘာဝပါပဲ။ ပြောပါစေလေ"
"အဲ့လိုပြောလို့ဖြစ်မလား...ကျွန်တော်က ပတ်ဝန်းကျင်မှာဂုဏ်သိက္ခာရှိရှိနေနေတာ၊ ဘာအကြောင်းနဲ့မှ သိက္ခာအကျမခံနိုင်ဘူး"
တိတ်ဆိတ်နေသည့်အိမ်ကလေးထဲမှာ ခဏတာငုတ်လျှိုးနေသည့် ဒေါသစိတ်ကလေးက လှစ်ခနဲပြန်ထွက်ပေါ်လာသည်နှင့် စကားများသံတွေ အစီအရီထွက်ပေါ်လာလေသည်။ သူ့စကားကြောင့် မအေးသည်လည်းခဏမျှငြိမ်သွားကာ ပြီးလျှင် လှယ်ပြီးသားချိုင့်ကို ကိုင်ထားရာကနေပြန်ချရင်း သူ့ဘေးမှာကျုံ့ကျုံ့ကလေးလာထိုင်လေသည်။
YOU ARE READING
စားစော်
Romanceယောကျ်ားတွေသာ အများဆုံးလုပ်ရဲသည့် လုပ်ငန်းတွေကိုလုပ်ကိုင်နေသည့် မိန်းမတစ်ယောက်ရဲ့ဘဝ။ 2D 3Dဒိုင်ချုပ်၊ အနှိပ်ခန်း၊ KTV တို့ဖွင့်ရုံသာမက ယောကျ်ားငယ်ငယ်ချောချောလေးများကို ကတော်မမများထံ အခကြေးငွေယူ၍ ပန်းဆက်သည့်အလုပ်ကိုပါ လုပ်ကိုင်သည့်မိန်းမတစ်ယောက်။ တစ်...