(၅)

98 6 0
                                    

[ Unicode ]

ပဥ္စမ တနာရီ

တန်နာက ကျွန်တော်ပုခုံးပေါ် ခေါင်းမှီပြီး အိပ်ပျော်နေပြီ။ ဓာတ်လှေကားကို မှီထားတဲ့ ကျွန်တော့်ခါးကြီး တောင့်နေပေမဲ့ သူ နိုးသွားမှာ စိုးလို့ ကျွန်တော် မလှုပ်ရဲဘူး။

ငါးနာရီမပြည့်တဲ့အချိန်ကလေးအတွင်းမှာ လူတယောက်ကို ကျွန်တော် အရမ်းဂရုစိုက်မိသွားတာ တွေးလို့တောင် မပေါက်ဘူး။ သူ့ကို ချန်ထားခဲ့ရမယ့်အတွေးက အသက်ရှင်နေသေးတယ်ဆိုတဲ့ အတွေးထက် ပိုပြီး နာကျင်ရတယ်။ ကျွန်တော် အရာအားလုံးကို ပြန်စဉ်းစားမိတယ်။

ကျွန်တော် သေတာက လင်းလိုချင်မယ့်အရာလား။

အဲ့ဒီမေးခွန်းက ဖြေရလွယ်ပါတယ်။ လင်းက ကျွန်တော့်ကို လုံးဝ သေစေချင်မှာမဟုတ်ဘူး။ ကျွန်တော်တို့မိသားစုကို သူ့ကို သတိရတဲ့စိတ်နဲ့ ရှေ့ဆက်စေချင်လောက်တယ်။ ဒါပေမဲ့ လင်းမရှိရင် မိသားစုမှ မရှိဘဲ။

ဒါက ကျွန်တော်လိုချင်တဲ့အရာကော ဟုတ်ရဲ့လား။

လွန်ခဲ့တဲ့ ငါးနာရီတုန်းက ကျွန်တော့်ကို အဲ့ဒီမေးခွန်း မေးလာခဲ့ရင်တော့ ဟုတ်တယ်လို့ ဖြေဖို့ ကျွန်တော် တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကျွန်တော် မသိဘူးဗျ။ ကျွန်တော် ဒါကို လင်းအတွက် လုပ်နေတာ။ ကျွန်တော် သူ့ကို သတ်ခဲ့တာမို့လို့ ကျွန်တော်နဲ့ ထိုက်တန်လို့ ကျွန်တော် ကိုယ့်ကိုကိုယ် သတ်သေဖို့ လုပ်တာ။ မဟုတ်ဘူး။ အဲ့ဒါ ကျွန်တော့်ကိုယ် ကျွန်တော် ယုံခိုင်းထားတဲ့ အလိမ်အညာပဲ။ ကျွန်တော် ကိုယ့်ကို ကိုယ် သတ်သေမလို့လုပ်တာ ကျွန်တော် သူ့ကို လွမ်းမနေရချင်လို့၊ ကျွန်တော့်လုပ်ရပ်ကနေ ရှေ့မဆက်နိုင်တော့လို့။

တန်နာ့ဆီကနေ ကြို့ထိုးသံလို အသံလေး ထွက်လာတယ်။ ကျွန်တော် ငဲ့ကြည့်လိုက်တော့ သူ့ပါးပေါ် မျက်ရည်တစက် စီးကျသွားတာ တွေ့လိုက်တယ်။ သူ အိပ်ရင်း ငိုနေခဲ့တာပဲ။ သူ ဝမ်းနည်းနေတယ်ဆိုတဲ့အသိက ကျွန်တော်နှလုံးသားကို အချိန်အကြာကြီးအတွင်း ကျွန်တော်မခံစားခဲ့ရဖူးတဲ့အားနဲ့ ဖျစ်ဆုပ်လိုက်တယ်။

ထွက်သက် တွယ်ငွေ့  [ ဘာသာပြန် ]Where stories live. Discover now