"ကိုကို ကျွန်တော်တို့ လမ်းခွဲရအောင်..။ "
သည်းမခံနိုင်သည့်အဆုံး ကျွန်တော်ထိုစကားကိုပြောခဲ့ခြင်းဖြစ်သည်။ ၁၀နှစ်ဆိုသည်အချိန်ကာလတစ်ခုအထိ ကျွန်တော့်ဖက်မှ အစွမ်းကုန်လိုက်လျောခဲ့ပြီးဖြစ်၏။
လွတ်လပ်သောသူနှစ်ဦး၏ အချစ်ရေးသည် ဘာကြောင့်ထင်ထင် ပေါ်ပေါ် ချစ်ခွင့်မရသနည်း။ ကျွန်တော့်ပုံစံမှာ သူများ လင်ယောက်ျားကိုတိတ်တိတ်ပုန်းခိုးတွေ့နေရသကဲ့သို့ခံစားရသည်။
လိင်တူနှစ်ယောက်၏ချစ်ခြင်းသည် လူအများစုလက်မခံနိုင်စရာဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့အတွက် ခိုးကြောင် ခိုး၀ှက် ဖြစ်စရာအကြောင်းမရှိသလို၊ ရှက်စရာကိစ္စတစ်ခုလည်း မဟုတ်။ ကျွန်တော် ကိုကို့ကိုချစ်သည်။ ထို့ကြောင့် အားလုံး ကို ရင်ဆိုင်ရဲသည်။
လမ်းခွဲဖို့စကားသည် ကျွန်တော့်အတွက်လွယ်ကူနေခြင်းမဟုတ်ပေ။ မဖြစ်နိုင်ဘူးဆိုမှတော့ ဇာတ်မျောကြီးကို မနှစ်သက်သောကြောင့်ဖြစ်သည်။
"ပယင်း ..."
"ဟုတ်တယ်..ကိုကို ကျွန်တော်တို့ ပြတ်သားဖို့လိုပြီ။ ကျွန်တော့်ကို ကိုကိုပေါ်ပေါ်တင်တင် မတွဲနိုင်ဘူးဆိုရင် ထားခဲ့ လိုက်ပါတော့ ..။"
မယုံနိုင်သည့်မျက်၀န်းဖြင့်ကြည့်လာသည့် ကိုကို့ကို ကျွန်တော်တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။ ထိုသို့ ပြောလိုက်သော်ငြားလည်း ကျွန်တော့်လက်ကို ကိုကိုလွှတ်မချလိုက်ဖို့ တိတ်တဆိတ် ဆုတောင်း မိသည်။ ကျွန်တော် သည်လည်းနာကျင်ရ၏။
ထိုကဲ့သို့ပြောလိုက်ခြင်း၏အကျိုးရလဒ်သည် ရက်သတ္တပတ်အနည်းငယ်ပြီးနောက် ညတစ်ညမှာ ကိုကိုဟာ ကျွန်တော့်ဆီ ရောက်လာခဲ့သည်။ ရက်အနည်းငယ်လောက် မတွေ့ရသည့်ကိုကို့မျက်နှာမှာ မြင်ဖူးနေကျ သန့်ပြန့်ကြည်လင် နေသည့်မျက်နှာထက် အမွှေးအမြှင်တစ်ချို့နေရာယူထား၏။
ရီဝေနေသည့် မျက်လုံးများဖြင့် ကျွန်တော့်ကို တင်းကြပ်စွာဖက်ထားလေသည်။ နှုတ်မှတတွတ်တွတ်ရွတ် နေသည် က သူ့ကိုခွဲမသွားပါနဲ့တဲ့လေ။ ကျွန်တော်သည်လည်း မျက်ရည်ကျသည်အထိ ဝမ်းသာမိသည်။ ကိုကို့ခါးကို တင်းကြပ်စွာ ပြန်လည်ဖက်တွယ်ထားရင်း လွမ်းဆွတ်ခဲ့ရသည့် ကိုကို့ကိုယ်သင်းရနံ့ကို မက်မောစွာရူရှိုက်လိုက်၏။ ယမကာနံ့ရောပြွန်း နေသော်ငြားလည်း ကျွန်တော်နှစ်သက်မိသည်။
YOU ARE READING
After & Before
Short Storyလူတိုင်းက ပြီးပြည့်စုံတဲ့အချစ်တစ်ခုကိုလိုချင်ကြတယ်။ မျှော်လင့်တိုင်းဖြစ်မလာတဲ့အခါ ပြိုလဲလေ့ရှိကြတယ်။ ဆုံးရှုံးမှုကို ပုံစံအမျိုးမျိုးနဲ့ဖော်ပြလေ့ရှိကြတယ်။ သာမာန်ရိုးကျ BL ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ စိတ်ဝင်စားရင်ဖတ်ကြည့်ပြီး comment ရေးသွားနိုင်ပါတယ်။ ...