Episode 9

1K 136 21
                                    

Uni

ပူခနဲဖြစ်သွားသည့် လည်တိုင်ကြောင့် သစ်တော shock ရသွား၏။ စိုစွတ်စွတ်ပူနွေးနွေးအထိအတွေ့က အိစက်နေကာ နှုတ်ခမ်းတစ်စုံဖြစ်ကြောင်း သိသာထင်ရှားသည်။ ထိုခံစားချက်နဲ့အတူ ခပ်စူးစူး ယားတက်လာသော အထိအာရုံကလည်း သစ်တောကို ထိုင်ငိုချင်စိတ်ပေါက်စေ၏။ လည်တိုင်ကို နမ်းနေတာ... နမ်းနေတာဆိုတာထက်ကို ပိုပြီး ပြင်းပြင်းပျပျနဲ့ စုပ်ယူစားသောက်ချင်နေသလိုမျိုး။

သစ်တော လိပ်ပြာလွင့်မတတ်လန့်ဖျတ်သွားကာ အတင်းရုန်းတော့သည်။ သို့သော် သူ့ခါးကို ဖက်ထားသည့် လက်များက သန်မာလွန်းလှသည်။ အကြောတွေထင်းနေသည့် လက်နှစ်ဖက်က သစ်တော၏ ခါးသေးသေးကို ခိုင်မာစွာ ဆုပ်ကိုင်ထားလေရာ ရုန်းထွက်ဖို့က ခက်ခက်ခဲခဲပင်။

သစ်တော ဒေါသရော ရှက်တာရော ကြောက်တာရောကိုပါ ရောထွေး ခံစားနေရသည်။ စိတ်ရှိတိုင်းဆို လက်သီးတစ်လုံးလောက်တော့ ပစ်သွင်းလိုက်ချင်ပေမဲ့ ဘာကြောင့်မှန်းမသိ သူမလုပ်ရဲပေ။ သူ မကြိုက်ပေမဲ့လို့ သည်းခံပြီး နေကိုနေရမည်ဆိုသော အတွေးတစ်ခုက မသိစိတ်ရဲ့ ခပ်နက်နက်အထိ စွဲမြဲနေပုံရသည်။ သစ်တော ထိုလူ့ကို လက်သီးနဲ့တောင် မရွယ်ရဲလိုက်။

တကယ်တော့ သစ်တောက သူစိမ်းကြောက်တတ်တယ်ဆိုပေမဲ့ အနိုင်ကျင့် ခံတတ်တဲ့လူစားမျိုးတော့မဟုတ်။ ကိစ္စတစ်ခုကို လိမ္မာပါးနပ်စွာဖြေရှင်းတတ်သလို ဝုန်းဒိုင်းကျဲရမည့်ကိစ္စတွေမှာလည်း ဝုန်းဒိုင်းကျဲပစ်လိုက်တာမျိုးရှိသည်။ တကယ်ဆို ဒီနေရာမှာ သစ်တော ထိုလူ့ကို ထိုးပစ်လိုက်သင့်သည်။ ဒါပေမဲ့ ဘယ်လိုမှ လက်တင်လို့မရတာက ထူးဆန်းသည်။

ကိုယ့်လည်ပင်းကို ယောကျ်ားတစ်ယောက်က ရုတ်တရက် လာနမ်းတယ်ဆိုတာကြီးက တကယ်ကို လက်သီးနဲ့ဖြေရှင်းသင့်တဲ့ ကိစ္စပဲမလား။

ရှည်ကြာသော အနမ်းကာလ၌ သစ်တောခေါင်းထဲ အတွေးတွေမျိုးစုံ ဖြတ်ပြေးသွားပြီးဖြစ်သည်။ သစ်တော မျက်နှာလေးက သူဖြစ်ပျက်နေသမျှ အတွေးပေါင်းစုံကို ထင်ဟပ်စေသည်။

ဒေါသနှင့်ရဲနေသော မျက်နှာ၊ ထိုးပစ်လိုက်ချင်ပေမဲ့ ဘယ်လိုမှ လက်တင်လို့မရလို့ မချင့်မရဲဖြစ်နေသည့် မျက်နှာထား။ ခပ်တင်းတင်းကိုက်ခံထားရသည့် အောက်နှုတ်ခမ်းနှင့်အတူ မျက်ဝန်းမှာပါ မျက်ရည်တွေဝေ့နေသေးသည်။ သူအတင်းရုန်းကန်လို့ မောတော့မှ ထိုလူက သူ့လည်ပင်းကို လွှတ်ပေးတော့သည်။

သစ်တော (Completed)Where stories live. Discover now