Episode 19

846 103 16
                                    

Uni

ဇီဝနာရီ၏ အချက်ပေးမှုကြောင့်ထင်သည်။ အတန်ကြာပြီးနောက် သစ်တော နိုးလာခဲ့သည်။ လူးလှိမ့်အိပ်ထားသည်ကြောင့် တွန့်ကြေနေသည့် ဆံပင်ကွေးကွေးများက မျက်နှာပေါ်ကို တစွန်းတစကျလာသည်။ မျက်ဝန်းတို့က ငိုထား၍ နီရဲနေကာ ဖြူစွတ်စွတ်မျက်နှာလေးက အိပ်ရေးဝထားသူနှင့် မတူဘဲ နွမ်းဖတ်လျှက်ရှိသည်။

သစ်တောက အိပ်ရာပေါ်မှ မထသေးဘဲ ခဏလောက် ငြိမ်သက်နေကာ မျက်နှာကျက်ကို တွေတွေကြီးစိုက်ကြည့်နေသည်။ အိပ်ရာနိုးကာစ သူ့ခေါင်းထဲ ဘာအတွေးမှ ဝင်မလာခဲ့။ သို့သော် ယားကျိကျိဖြစ်နေသည့် မျက်ဝန်းကို ပွတ်သပ်မိချိန် သူ ဝတ်ထားသည့်အဝတ်အစားအား သတိထားမိသွားသည်။

ပိုးဖဲအပြာရောင် လက်ရှည်ကို အနက်ရောင်အစင်းကျားတွေနဲ့။ ဒီလိုညအိပ်ဝတ်စုံမျိုး သူ့မှာ တစ်ထည်မှ မရှိ။ အထူးသဖြင့် အပြာကို ဒီလောက်ရင့်တာမျိုး သူ့မှာ မရှိပေ။ ဘွားဘွားကြီးကျေနပ်အောင် မိန်းကလေးမကျ ယောကျ်ားလေးမကျ အရောင်နုနုလေးတွေပဲ ဝတ်ရတာ ဘယ်လောက်ကြာပြီမို့လို့လဲ။

သစ်တော လန့်ဖျတ်သွားသည်။ အိပ်ရာပေါ်မှ အလျှင်စလို ထရင်း ဘေးဘီကို ကြည့်လိုက်တော့ သူ ရင်းနှီးနေသည့် ပတ်ဝန်းကျင်မျိုးမဟုတ်။ ပြောရရင် ခေတ်ဟောင်းတစ်ခေတ်ထဲကို ပြန်ပြောင်းသွားသည်ဟုတောင် ထင်ရသည့် အပြင်အဆင်မျိုး။

သူ ဒီလိုနေရာမျိုး တစ်ခါမှ မရောက်ဖူးသလို တစ်ခါမှလည်း မမြင်ဖူးခဲ့။

အခန်းဆိုတာထက် အိမ်လို့တောင် သူ ပြောလို့ရမလားမသိ။ သို့သော် တွေ့ရသလောက်ကတော့ ပြတင်းပေါက်တစ်ခုမှ မရှိ။ ကြမ်းပြင်သည် သစ်သားခင်းထားကာ ရွှေညိုရောင်သမ်းနေသည်။ သူ ရှိနေသည့်နေရာသည် အိပ်ခန်းဖြစ်ပုံရပြီး ခုတင်ကို ရွှေညိုရောင်သမ်းနေသည့် သစ်သားတွေနှင့်ပင် ဆောက်ထားသည်။ အိပ်ရာခင်းသည် ဖြူဆွတ်နူးညံ့နေကာ ထူထဲနေသည်မှအပ ကျန်တာ ဘာမှ အလှဆင်ထားခြင်းမရှိ။

အိပ်ရာပေါ်မှ မျက်နှာကျက်သည် ဗလာကျင်း၍ နေသည်။ နှစ်ယောက်အိပ်ကုတင်၏ ဘေးဘီနှစ်ဖက်၌ ဖဲသားဖြင့်ပြုလုပ်ထားသော အနီရောင်လိုက်ကာကြီးများအား မြင်လိုက်ရသည်။ အပြင်ဘက်မှာတော့ ရွှေရောင်မီးဆိုင်းကြီးတစ်ခုကို မြင်လိုက်ရသည်။ ထို့နောက် နံရံကပ် ကနုတ်ကွပ်မှန်တစ်လုံးနှင့် အနီရောင် အမှီမပါသည့် ဆိုဖာခုံတစ်ခု။

သစ်တော (Completed)Where stories live. Discover now