Episode 11

941 118 3
                                    

Uni

"ဟီး..."

မြင်းသံနဲ့အတူ ရထားဘီးလှိမ့်သံတွေကပါ တဆက်တည်းလိုက်ပါလာသည်။ မြို့ငယ်ကလေး၏ ညသန်းခေါင်သည် ထိုအသံများဖြင့် ပြည့်နှက်ဆူညံသွား၏။ ဖြောင့်ဖြူးသော လမ်းမကြီး၏ ဟိုးတစ်ဖက်တွင် ကြီးမား ခန့်ညားသော အိမ်ကြီးက အမှောင်ရိပ်ဝယ် ခပ်မည်းမည်း တည်ရှိနေသည်။

သူဌေးကြီး Jame Ere တစ်ယောက် သူ၏ နောက်လိုက်တချို့နှင့်အတူ ထိုအိမ်ရှေ့ဝယ် စိတ်ပူပန်စွာ စောင့်ဆိုင်းနေရသည်။ အချိန်ကြာလာသည်နှင့်အမျှ မြင်းဟီသံတွေနဲ့အတူ ရထားဘီးလှိမ့်သံတွေက တဖြည်းဖြည်းနီးကပ်လာသည်။

"သူတို့လာကြပြီ"

သူဌေးကြီးမျက်နှာက ပြုံးရွှင်သွား၏။ ပီတိနှင့်အတူ ကံကောင်းခြင်းတစ်ရပ်က သူ့ဆီ ရောက်လာသည့်အလားပင်။ တဖြည်းဖြည်းဖြင့် ရုပ်လုံးပေါ်လာပြီဖြစ်သော မြင်းရထားအုပ်စုကို မျှော်လင့်ချက်ပြင်းပျစွာဖြင့် ခပ်လောလော ကဲကြည့်လိုက်သေးသည်။

"အကုန်လုံး ပြင်ဆင်ထားပြီးပြီမလား"

"ပြီးပါပြီ သူဌေးကြီး"

"Clare ရော ဘာလုပ်နေလဲ"

"သခင်မက ကလေးတွေနဲ့အတူ ရှိနေပါတယ်။ အငယ်ဆုံးသခင်လေးကတော့..."

"ရတယ်ရတယ် သူက မလိုဘူး"

သူဌေးကြီးသည် သူ့နောက်လိုက်ကို လက်ယမ်းပြလိုက်ကာ မြင်းရထားကိုသာ ပြန်အာရုံစိုက်လိုက်သည်။ ကြီးမားလှသော လူအစုအဝေးကြီးသည် သူ၏ အိမ်ရှေ့တွင် ရပ်တန့်သွားကြကာ မြင်းပေါ်မှ ဆင်းလိုက်ကြသည်။

မြင်းရထား၏ တံခါးသည် တဖြည်းဖြည်းပွင့်သွားပြီးသည့်နောက် အထူးချုပ်လုပ်ထားသော သားရည်ဖိနပ်ရှည်ကြီးကို မြင်တွေ့လိုက်ရသည်။ မြို့စားသည် ရထားပေါ်မှ လျှင်မြန်စွာဆင်းလာသည်။ သူ၏ အသွင်အပြင်မှာ ကိုယ်ခန္ဓာ တောင့်တင်းလှသည်။

ဖြတ်သန်းခဲ့ရသော ကြမ်းတမ်းသည့်အခြေအနေများကြောင့် သူ၏ မျက်နှာသည်လည်း ကြမ်းတမ်းနေသည်။ သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှသော မျက်ဝန်းပြာများနှင့် ချောမောသော ရုပ်သွင်ဟန်ပန်ရှိသော်ငြား နူးနူးညံ့ညံ့နေတတ်သူမဟုတ်မှန်း သိသာထင်ရှားသည်။ ထိုလူ့ကြည့်ရသည်မှာ အလွန်ရက်စက်တတ်၍ ဥာဏ်လည်း ထက်မည့်ပုံ။

သစ်တော (Completed)Where stories live. Discover now