၁၉
ရှောင်းကျန့်က သူ့ဥယျာဥ်လေးထဲတွင် ထိုင်ကာ မက်မွန်သီး စားနေ၏။ အခြားသရေစာမုန့်များ ရှိသော်လည်း သူက မစားချင်သဖြင့် ဝမ်ရိပေါ်က သူ့နံဘေးတွင် ထိုင်ကာ မက်မွန်သီးကို သေးသေးလေး စိတ်ပေးသည်။ အစေခံအများအပြား ရှိလျက်နှင့် ဧကရာဇ်ကိုယ်တိုင်က သူ့ကြင်ယာတော်လိုသမျှ လိုက်လုပ်ပေးနေသဖြင့်အစေခံများက ရင်တထိတ်ထိတ်နှင့် ရပ်စောင့်နေရသည်။
"လက်ဖက်ရည် အသစ် သွားလဲလိုက်။ အေးနေပြီ။"
ဝမ်ရိပေါ်က မိန့်လိုက်တော့ မိန်းမစိုးလေးတစ်ယောက်က ချက်ချင်း ပြေးလာပြီး ကရားအိုးကိုယူသွား၏။
"အရှင်... သားလေး ဖြစ်မယ် ထင်လား။ သမီးလေး ဖြစ်မယ်ထင်လား။"
ရှောင်းကျန့်က ပိစိလေး ဖောင်းလာသည့် သူ့ဗိုက်သူ ပွတ်နေရင်းမေးသည်။ တကယ်တော့ သူက လုံးဝကိုမယုံနိုင်သေးပေ။ သူက ဝမ်ရိပေါ်ရဲ့ကလေးကိုလွယ်ရမည်ဟု စိတ်မကူးခဲ့ဖူးပေ။
"သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ကိုယ်တော်က ချစ်မှာပဲ။ရှောင်ရှောင်းနဲ့တူတဲ့ ကလေးလေးက သေချာပေါက် ချစ်စရာကောင်းမှာပဲ။"
ဝမ်ရိပေါ်က သူ့ပါးပြင်လေးကို အုပ်ကိုင်ရင်းပြောသည်။ ရှောင်းကျန့်က သူ့စိတ်ထဲတွင် မလုံခြုံမှုနှင့် စိုးရိမ်ပူပန်မှုအချို့ကို ခံစားနေရသဖြင့် မတ်တပ်ရပ်လိုက်ပြီး ဝမ်ရိပေါ်၏ ပေါင်ပေါ် တက်ထိုင်သည်။အစေခံအချို့က သူတို့ကြင်ယာတော်လေးက အတင့်ရဲလွန်းသည်ဟု ကြောက်လန့်သွားကြသော်လည်း ဧကရာဇ်က တဟားဟားရယ်နေသောအခါစိတ်သက်သာရာရသွားကြ၏။
"ကလေးလေး... ကိုယ်တော့်ကို ချွဲနေတာလားကွာ"
ဝမ်ရိပေါ်အသံက အလိုလိုက်ချင်သည့် အဖေကြီးအသံပေါက်နေတာကြောင့် ရှောင်းကျန့်က သူ့လက်မောင်းကို မှီသည်။
"ဖုကျွင်း... ရှောင်ရှောင်း ဒီတစ်လော တွေးနေတာကလေ။"
"အင်း.. ကိုယ်တော့်ဇနီးလေးက ဘာတွေတွေးနေတာလဲ။"
"ကလေးလေးက ယောက်ျားလေးဆို ပြသနာမရှိဘူး။ မိန်းကလေးဆိုရင် တခြားဘုရင်တွေဆီကို ငြိမ်းချမ်းရေးအတွက် ပေးလိုက်ရမှာလားဟင်။"