အပိုင်း - ၂၁

16.4K 1.1K 6
                                    

(၂)လခန့်ကြာပြီးတဲ့နောက်...။

" ကိုယ်သွာပြီ..."

အအေးသက်သာစေဖို့အပြင်ခံလက်ရှည်အင်္ကျီကိုဝတ်ရင်းထစ်ချုန်းကသက်လုံကိုနှုတ်ဆက်စကားဆိုကာအိမ်အပြင်ဘက်ကိုထွက်လာလိုက်သည်။မနက်ဝေလီဝေလင်းအချိန်အခါပေမို့ပတ်ဝန်းကျင်တစ်ခွင်လုံးကမှုန်ရီဝေဝါးလို့နေ၏။အရင်နေ့တွေတုန်းကဆိုသူကဒီလိုအချိန်မျိုးမှာအိပ်ရာထဲမှာဇိမ်နဲ့နှပ်လို့ကောင်းနေဆဲပင်...။သို့သော်ဒီနေ့တော့မရတော့ပေ...။မြို့ကိုသွားမယ့်ခရီးသည်ကဒီနေ့မနက်အစောကြီးသွားလိုကြောင်းသူ့ကိုမနေ့ကတည်းကပြောထားသည်။ထို့ကြောင့်သူ့မှာဇိမ်ခံချင်တဲ့စိတ်ကိုအတင်းချိုးနှိမ်ကာအိပ်ရာကနေကုန်းရုန်းထရတော့သည်။

သူအိပ်ရာထတော့သက်လုံလည်းမနေ​သာတော့ပေ...။အိပ်ရာကနေထပြီးမသွားခင်သူအဆာပြေစားသွားလို့ရအောင်မနေ့ကကျန်တဲ့ထမင်းကြမ်းတုံးကိုကမန်းကတန်းကြော်ပေးလေသည်။အချိန်ကစောသေးတဲ့အတွက်ကြောင့်ပဲပြုတ်သည်ကစျေးရောင်မထွက်သေးပေ...။ထို့ကြောင့်သက်လုံမှာထမင်းကြော်နဲ့အတူတွဲဖက်ပြီးစားဖို့အတွက်အအေးဓာတ်ကိုအံတုရင်းလမ်းခွဆုံကအကြော်ဆိုင်ကိုဓာတ်မီးတစ်လုံးနဲ့ချီတက်လေတော့၏။အားလုံးပြီးသွားတဲ့အခါသက်လုံကပြန်အိပ်ဖို့ကိုစိတ်မပါတော့ဘူးဖြစ်မည်။

အိမ်ရှေ့အဝမှာငုတ်တုတ်ထိုင်ကာသူလုပ်သမျှကိုမျက်တောင်တောင်မခတ်လိုက်ကြည့်လို့နေသည်။အချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာသက်လုံကမီးခွက်တစ်လုံးနဲ့မီးဖိုဆောင်ထဲကိုနောက်ထပ်တစ်ခေါက်ဝင်သွားပြန်၏။ဒီတစ်ခေါက်ကတော့မနက်စာချက်ဖို့အတွက်ပဲဖြစ်ရမည်။

ဘေးအိမ်ကကြက်ဖကြီးရဲ့တွန်သံနဲ့ခပ်ဝေးဝေးကနေပျံ့လွင့်လာတဲ့ပဲပြုတ်သည်ဒေါ်လုံးရဲ့အသံက'အချိန်မနည်းတော့ကြောင်း'သူ့ကိုသတိပေးနေသလိုပင်...။ထိုအခါသူလည်းချိန်းဆိုထားတဲ့အချိန်ထက်နောက်မကျစေဖို့အိုးဝေကိုကမန်းကတန်းစက်နှိုးလိုက်၏။ပြီးနောက်ခြံထဲကနေထွက်သွားဖို့ပြင်လိုက်စဥ်...

" ကိုကြီးထစ်ချုန်း..."

ထိန်ထိန်ရဲ့ခေါ်သံကြောင့်လီဗာဆွဲနေတဲ့လက်ကိုဖြေလျှော့ကာအိမ်ထဲကိုသူလှမ်းကြည့်လိုက်မိ၏။ထိုအခါစောင်ကိုခေါင်းမြီးခြုံကာအိပ်ရာကနေကုန်းရုန်းထလာတဲ့ထိန်ထိန်ကအိမ်အဝကိုဒယိမ်းဒယိုင်နဲ့လျှောက်လှမ်းလာတာကိုသူတွေ့လိုက်သည်။ထိန်ထိန်ကသူ့ရဲ့နေ့စဥ်တာဝန်တစ်ရပ်ဖြစ်တဲ့မုန့်မှာတဲ့လုပ်ငန်းကိုမပျက်မကွက်လုပ်ဆောင်ဖို့မမေ့ပေ...။

ကျွန်တော့်အသဲလေးကနုနုနယ် { Completed }حيث تعيش القصص. اكتشف الآن