အပိုင်း (၇)

308 38 2
                                    

"Preချောင်းသာကလည်း အေးတယ်ဟ"

"မြန်မြန်လုပ်ကြဟေ့ မှောင်ရင် မကောင်းဘူး ချိုးပြီးရင် အပေါ်ပြန်တက်ကြမယ် တို့တည်းတဲ့အိမ်မှာ ဝိုင်းထောင်ထားပြီတဲ့ဟ"

"ဘာဝိုင်းလဲ ဆရာအောင်ကျော်ဇော အရက်ဝိုင်းလား"

"ရေနွေးကြမ်းဝိုင်းပါဟာ ကိုယ့်ကိုယ်ကိုယ် အရက်ဂျိုးမှန်း လူသိအောင် လျှောက်ပြောမနေနဲ့လေ"

ဆရာအောင်ကျော်ဇောစကားကို ရယ်ရင်းနှင့်ပင် မြစ်ကမ်းစပ်သို့ ပြေးတက်ကာ တဘက်ကို အမြန်ခြုံရသည်။

Preချောင်းသာဆိုတာက တခြားမဟုတ်။ ဧရာဝတီမြစ်ကမ်းက မြစ်ဆိပ်ကို ပြောတာဖြစ်သည်။ ဝါးရုံတန်းဘက်ကို သွားစဥ်က မြစ်ကို လှမ်းမြင်ခဲ့ရသော်လည်း နီးမည်ဟု မထင်ခဲ့။ တကယ်တမ်း ရှေ့လက်ပံကနေ မိနစ်လေးဆယ်လောက် လမ်းလျှောက်လိုက်ရင် မြစ်ဆိပ်ကို ရောက်နိုင်တာဖြစ်သည်။ ဒီသတင်းကို ကြားပြီး ဆရာအောင်ကျော်ဇောရဲ့ မြစ်ဆိပ်မှာ ရေဆင်းချိုးကြမလားဟေ ဆိုတဲ့စကားကြောင့် သူတို့ယောကျ်ားလေးတွေချည်း သီးသန့် ရေဆင်းချိုးကြတာဖြစ်သည်။

တည်းခိုသည့်အိမ် ပြန်ရောက်တော့ အိမ်ရှေ့ကွပ်ပျစ်နှင့် မြေကွက်လပ်မှာ စားပွဲချပြီး မိန်းကလေးတွေနှင့် မခင်ကြိုင်က တစ်ဝိုင်း၊ ဦးခင်ရွှေနှင့် ကိုဖိုးလုံးတို့က တစ်ဝိုင်း ဝိုင်းနေကြပြီဖြစ်သည်။

"လာကြဟေ့ ဒီမှာ ဂျင်းသုပ် လက်ဖက်သုပ် ကလောဥ ထန်းမြစ် ကောက်ညှင်းခြေထောက်နဲ့ ငါးခြောက် အကုန်အစုံပဲ"

"ကောက်ညှင်းခြေထောက်က ဒီအချိန်ကြီး ဘယ်ကရတာတုန်း မခင်ကြိုင်ရဲ့"

"မနက်က ဈေးသွားထဲက ဝယ်ထားတာလေ ခုနေ စားခါနီး ပေါင်းအိုးထဲ ထည့်ပြီး ပြန်နွှေးလိုက်တာပေါ့"

ဆီနဲ့ ဆားနဲ့ နယ်ထားပြီးသား ကလောဥက နူးအိလို့နေကာ စားလို့ကောင်းလှသည်။ ကောက်ညှင်းခြေထောက်ကလည်း အငွေ့တထောင်းထောင်းနှင့်။ ရေနွေးကြမ်းသောက်လိုက် အမြည်းစားလိုက်နှင့် ညနေက စားထားသည့် ညနေစာတွေက အူ ဘယ်ချောင်ကို ကပ်လို့ ကပ်သွားမှန်းမသိ။

Golden HourWaar verhalen tot leven komen. Ontdek het nu