အဝေးတစ်နေရာရှိ သိုးအုပ်အား ငေးမောနေသော ကောင်ငယ်လေးတစ်ယောက်။ လက်ထဲရှိ သစ်ကိုင်းကျိုးလေးကိုလည်း ဝေ့ရမ်းလို့နေသည်။ ခပ်စိမ်းစိမ်းမြက်ခင်းပြင်ရယ်၊ ပြာလဲ့လဲ့မိုးတိမ်စိုင်တို့ရယ်။ လေအဝေ့ဟာ ဆံနွယ်နုနုတို့အား အဆက်မပြတ်ကျီစယ်လို့နေ၏။ ပြီးပြည့်စုံသော ပန်းချီကားတစ်ချပ်လိုနှယ်၊ လှပခြင်းတွေသည် ဂျွန်ငယ်ထံ၌ ခစားလျက်ဖြင့်။
" ဂျွန်ငယ် "
နေရောင်ဖြဖြထိုးနေသော မျက်နှာအား ကိုယ်လုံးရိပ်ဖြင့် ကွယ်ပေးလိုက်သည်။ တစ်ဆတ်တည်းမှာပဲ အကြိမ်ကြိမ်ရေရွတ်ဖူးခဲ့သော အမည်နာမလေးအား ခေါ်ဆိုမိ၏။
မော့ကြည့်လာသောအခိုက်ဝယ် မြင်တွေ့ခွင့်ရလိုက်သည့် ငွေ့ရည်ဖွဲ့နေသော မျက်ဝန်းဝိုင်းလေးများ။ ရာသီဥတုဒဏ်ကြောင့် ပန်းနုရောင်သမ်းနေသော ပါးနှစ်ဖက်သည် ချက်ချင်းဆိုသလို နီရဲတက်လာ၏။ ထို့အပြင် တအံ့တဩဖြစ်နေသော ဟန်ပန်မူယာလေး။
ဂျွန်ငယ် .. ကိုယ့်ဂျွန်ငယ်က ဘာတွေကိုထိတ်လန့်ပြီး ဘာတွေကိုကြောက်ရွံ့နေရသလဲ။
" သခင်ကြီး "
" ကိုယ်ဧည့်သည်တွေကို လိုက်ပို့တော့မှာမလို့ လာနှုတ်ဆက်တာ "
" ဟုတ် ဟုတ်ကဲ့ "
" ဂျွန်ငယ် "
" ဗျာ "
" ကိုယ့်ကိုတစ်ခုခုများ ပြောစရာမရှိဘူးလား "
ရှိတာပေါ့ သခင်ကြီးရယ်။
သခင်ကြီးရဲ့ ချစ်ရေးဆိုမှုက ကျွန်တော့်ကိုသိမ်ငယ်စေကြောင်း၊ ရုတ်တရက်ကြီး ကိုယ့်ဖြစ်တည်မှုကို ကိုယ်မုန်းလာမိကြောင်း၊ ပြီးတော့ ရင်ခုန်သံတွေ မြန်လာခြင်းကို ကြောက်ရွံ့နေမိကြောင်းတွေပေါ့။ သိပါရဲ့လား ကျွန်တော့်ရဲ့သခင် .. ကျွန်တော်လေ မိန်းကလေးတစ်ယောက်သာ ဖြစ်လိုက်ချင်တော့သည်။" ဟင့်အင်း မရှိပါဘူး "
" ဒါဆို ကိုယ်သွားပြီနော် ဂျွန်ငယ် "
လှည့်ထွက်သွားသော ကျောပြင်ကျယ်ကျယ်အား ဖက်တွယ်ထားချင်စိတ်သည် အဆိပ်နှင့်တူ၏။ တစစဖြင့် လူတစ်ကိုယ်လုံးအား ပူလောင်မွန်းကြပ်စေသည်။ အသွေးအသားတို့ကို စုပ်ယူသွားသကဲ့သို့ နာကျင်စေ၏။ ကျေးဇူးပြုပြီး မသွားပါနဲ့လားဟု ကျွန်တော်တားချင်မိသည်။
YOU ARE READING
Where's my (b) vrownie
Fanfiction~ ကိုယ်ဖွင့်ဆိုတဲ့ အချစ်က ကိုယ့်ဂျွန်ငယ်ပဲ ~ taekook (a tale of the daisies)