2

226 31 6
                                    

မြန်မာပြည်လို့ ခေါ်တဲ့မြေပေါ်ကို စပြီး ခြေချတော့ အရင်ဆုံးတွေ့လိုက်ရတာက သင်္ဘောဆိပ်ကမ်းတစ်လျှောက်မှာ ကိုယ့်ကိုလည်း မသိပါပဲ အမှတ်တမဲ့ မျက်လုံးချင်းဆုံမိရင်တောင် ပြုံးပြတဲ့ လူတွေပါပဲ။ ခင်မင်တတ်ကြပုံတွေများ အထူးတဆန်းရယ်။

ရာသီဥတုက အနည်းငယ်ပူတဲ့အထဲ ပါသည်။ ဝတ်ပုံစားပုံက အနောက်တိုင်းနဲ့လည်း မတူ၊ ဂျိုဆွန်းနဲ့လည်း မတူ။ အထူးသဖြင့် အမျိုးသမီးများရဲ့ ဝတ်စားဆင်ယင်ပုံမှာ တစ်မျိုးဆန်းလှသည်။

အမြင်မရိုင်းသော အင်္ကျီစခပ်ပါးပါးကို ချုပ်ထားကာ ကြယ်သီးနေရာမှာ ကျောက်မျက်ရတနာလေးတွေကို တွဲလောင်းတပ်ထားပုံမှာ ဆန်းလှသည်။ ခပ်ရိုးရိုး ပြောင်အင်္ကျီကို အသားပျော့ပျော့နဲ့ အရောင်စုံလှသော စကတ်ရှည်ဖြင့် တွဲစပ်ထားကြပုံမှာ လိုက်ဖက်လွန်းရကာ အမျိုးသမီးငယ်လေးများသည် လက်ကိုင်ပဝါလှလှလေးတွေကိုလည်း လက်ကောက်ဝတ်တွေမှာ ချည်ထားကြသူတွေ ရှိသလို၊ ခါးကြားမှာ ထိုးထားသူတွေရော၊ ရင်ဘတ်မှာ အပ်ချိတ်ကလေးနှင့် တွဲချိတ်ထားသူများလည်း တွေ့ရသည်။

ဂျပန်အထွက် အင်္ဂလိပ်အဝင် ကာလပေမို့ အမျိုးသားအများစုကတော့ သူတို့အခေါ် ပုဆိုး ဆိုလား၊ ထိုအဝတ်စကြီးကို ခါးမှာ ပုံ့ပုံ့ကြီးဝတ်ကာ ခါးပတ်ပြားကြီး ပတ်ထားကြပြီး ရှူးဖိနပ်ကြီး‌တွေ စီးကြတာကို ကြည့်ရပုံမှာ အနောက်တိုင်းနဲ့ အရှေ့တိုင်းရိုးရာကို ဉာဏ်ရှိသလို ရောထွေးဝတ်ဆင်ထားပုံရကာ တွဲစပ်ကြံဆတတ်ပုံမှာ သဘောကျစရာပင်။

"အဲလစ် ... အမျိုးသမီးငယ်လေးတွေ ဝတ်ထားတဲ့ စကတ်ကြီးတွေကို ဘယ်လိုခေါ်တုန်း"

"လုံချည် လို့ ခေါ်တယ် ဆရာ။ အဲ အမျိုးသားတွေ ဝတ်တဲ့ပုဆိုးကိုလည်း လုံချည်လို့ ခေါ်တာပဲ။ မိန်းမတွေ ဝတ်တဲ့ဟာကိုတော့ ထဘီ လို့ ခေါ်ပါတယ် ဆရာ"

မြန်မာကပြားဖြစ်တဲ့ တပည့်ကျော် အဲလစ်ဟာ ကိုရီးယားကပြားဖြစ်သူ မိမိနဲ့ မတူ။ မြန်မာစကားကို ကျွမ်းကျင်ပီသစွာ ပြောနိုင်တဲ့အပြင် မြန်မာမှု မြန်မာ့ဟန်ပန်နဲ့ ရိုးရာဓလေ့ကို အစဉ်မပျက် လေ့လာခဲ့သူဖြစ်ပြီး မိမိရဲ့ တာဝန်သည် မြန်မာပြည်ကို ဦးတည်ခဲ့သောအခါဝယ် မရမက အပူကပ်ကာ ရအောင်လိုက်လာခဲ့ခြင်းဖြစ်လေသည်။

နေထိုင်ရမည့် တိုက်ခန်းကိုရောက်တော့ အထုပ်တွေချပြီးတာနဲ့ တစ်ပြိုင်နက် အိပ်ခန်းကို ပြေးစစ်ရသည်။ သိပ်သဘောကျဖို့ကောင်းပါသည်။ အိပ်ခန်းသည် တိုက်ခန်းရဲ့ အနောက်ဘက် ထောင့်‌ဆုံးမှာ ရှိနေပြီး ချောင်ကလေးလို ဖြစ်ကာ နေအလင်းရောင်သိပ်မဝင်သော်လည်း ခြေရင်းဘက်ရှိ ဘေးဘက်နံရံ၏ ထိပ်ဘက်တွင် ခပ်ကျယ်ကျယ်ဖောက်ထားသော ပြတင်းတံခါးကြောင့် နေမထိုးသော်လည်း လင်းထင်းနေသည်။

မေမေ့ထံသို့ စာရေးရမည်။ အစစ အရာရာ အဆင်ပြေကြောင်းနှင့် မနက်ဖြန် အလုပ်စဝင်ပါမည့်အကြောင်းတွေ ထည့်ပြောရမည်။
ဒယ်ဒီကလည်း စိတ်ပူနေလိမ့်မှာ သေချာတာမို့ ခရီးရောက်မဆိုက် အဝတ်အစားပင် မလဲနိုင်သေးပဲ မနက်ဖြန်မှာ ဒယ်ဒီတို့ရှိရာဆီ သွားပါမည့် ဒယ်ဒီ့မိတ်ဆွေတစ်ဦးထံသို့ သွားကာ ရန်ကုန်ကို အန္တရာယ်ကင်းစွာ ရောက်ကြောင်း အမှာသွားပါးရသည်။

The Handkerchief (jikook)Where stories live. Discover now