အကြည့်ချင်းမဆုံအောင် တမင်ရှောင်နေကာ ငြိမ်နေတဲ့လူကို ရထာစိတ်မရှည်စွာကြည့်လိုက်ရင်း ခါးထောက်ကာ မေးဆတ်ပြလိုက်သည်။
'' ဘာကိစ္စရှိလို့လဲလို့ ၊ မင်း ''
ရထာရဲ့ မာဆတ်ဆတ်လေသံကြောင့် ခန့်မင်းသက်တည် သက်ပြင်းခိုးချလိုက်သည်။ သူသာပြန်မဖြေရင် အခုချက်ချင်းပင် ထထိုးတော့မလိုပုံဖြစ်နေတဲ့ရထာကို ကြည့်ရင်း တံတွေးအနည်းငယ်မြိုချလိုက်သည်။ ပုံမှန်ဆို ခန့်မင်းသက်တည်ကလူကြောက်တတ်တဲ့သူ လုံးဝမဟုတ်ပေမယ့် ဒီလူနဲ့ကျမှပဲ..။
'' ဒါက ကျွန်တော်နေ့လည်က ရထာ့ကို ကောင်းကောင်းကျေးဇူးမတင်လိုက်ရလို့ပါ ။ ဒါ ဒါလေးက ကျွန်တော်နဲ့အမေ့ရဲ့ စေတနာတွေပါ ။ မငြင်းပဲ လက်ခံပေးပါနော် ''
သူ့ရှေ့ထိုးပေးလာတဲ့ ခြင်းတောင်းကြီးကို ရထာမသက်မသာကြည့်လိုက်ရင်း အိပ်ရာထစမို့ အနည်းငယ်ပွနေတဲ့ဆံပင်တွေကို သပ်တင်လိုက်သည်။ အိမ်ရှေ့ထိ လာပေးနေမှတော့ ငြင်းလည်းထူးမယ့်ပုံမပေါ်တာကြောင့် လက်ခံယူလိုက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။
'' ကျေးဇူးပါ ''
'' အယ် နေပါ နေပါ ရထာ ။ ကျွန်တော်အိမ်ပေါ်ထိ သယ်ပေးပါ့မယ် ''
ပြောပြောဆိုဆိုနဲ့ ရထာက ခြင်းတောင်းကြီးကို ကောက်ဆွဲမလို့ ပြင်နေတာကြောင့် ခန့်မင်းသက်တည် ပြာပြာသလဲနဲ့ ခြင်းတောင်းကို အမြန်လက်လှမ်းယူလိုက်သည်။ အသီးအနှံတွေရော တခြားစားစရာတွေပါ အများကြီး ထည့်လာတာကြောင့် ကြိမ်ခြင်းတောင်းကြီးက နင့်နေအောင်လေးသည်။ ကြည့်လိုက်တာနဲ့ မျက်နှာပြင်ကအနည်းငယ်နီနေကာ ဖျားနေမှန်းသိသာနေတဲ့သူကို ခန့်မင်းသက်တည်က ဘယ်လိုစိတ်နဲ့ မ,ခိုင်းရပါ့မလဲ ။
ခန့်မင်းသက်တည်က ခြင်းတောင်းကို ဆွဲမလိုက်တော့ ထုံးစံအတိုင်း ရထာကလည်း မျက်မှောင်ကြုတ်လျက် ကြည့်လာ၏ ။
'' ခြင်းတောင်းက အရမ်းလေးတယ် ရထာရဲ့ ။ ကျွန်တော် အိမ်ပေါ်ထိလိုက်တင်ပေးမယ်နော် ''
သူ့ကို အားနွဲ့တဲ့လူတစ်ယောက်လို လာဆက်ဆံနေတာကြောင့် ရထာ့စိတ်ထဲ တင်းခနဲ ဖြစ်သွားကာ ခြင်းတောင်းကိုပြန်လုလိုက်သည်။