④ အချစ်နဲ့ ယူဇနာတစ်ထောင်➪𝐙𝐚𝐰𝐠𝐲𝐢

85 6 0
                                    

လက်က နာရီကြည့်လိုက်တော့ ကိုးနာရီထိုးဖို့ ဆယ့်ငါးမိနစ်အလိုမှာ နာရီလက်တံလေးက ညွှန်ပြနေသည်။ စက်ဘီးဘရိတ်ကြိုးကို အသာလေးဆွဲပြီး ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်မိတော့ အဖြူအစိမ်းဝတ်စုံနဲ့ ကျောင်းသွားနေကြတဲ့ ကျောင်းသားကျောင်းသူလေးတွေကို တွေ့လိုက်ရသည်။ သူကတော့ စက်ဘီးကို ခြေထောက်တစ်ဖက်ထောက်၍ရပ်ကာ များမကြာမီ ရောက်လာတော့မည့် အနက်ရောင် ကားအကောင်းစားကြီးတစ်စီးကို စောင့်ဆိုင်းနေမိသည်။

နာရီလက်တံတွေ ရွေ့လျားလာသည်နှင့်အမျှ သူ့ရင်ခုန်သံတွေလည်း တဖြည်းဖြည်းမြန်လာတာ သတိထားမိသည်။ ဒီလိုအချိန်ဒီနေရာ ဒီမြင်ကွင်းကို သူ အကြိမ်ပေါင်းများစွာ မြင်ဖူးထားပေမယ့် လုံးဝ ရိုးသွားခြင်းမရှိပေ။

ထိုအချိန်လေးမှာပင် ရောက်ရှိလာသော ကားကြီးရဲ့နောက်ခန်းတံခါးကနေ ပထမဆုံးထွက်ပေါ်လာတဲ့ ခြေထောက်ဖြူဖြူလေး။ တစ်ခါတစ်ရံ Scoll ကွင်းထိုးဖိနပ် လေးစီးတတ်ပေမယ့် ကတ္ထီပါဖိနပ်လေးသာ အစီးများတဲ့ ခြေထောက်ဖွေးဖွေးလေးက သူရဲ့ရင်ခုန်သံတွေ အစပြုရာအစိတ်အပိုင်းလေးပင်။

ခြေထောက်နဲ့အတူ လိုက်ပါလာသော အချိုးအဆစ်ကျလှတဲ့ ကိုယ်လုံးလေး။ ထိုသဏ္ဍာန်လေးက နီညိုရောင်သန်းနေသော ဆံပင်အခွေလေးတွေကို လက်လေးနဲ့ ကိုင်ပြီးပြုပြင်ရင်း ရှေ့ခန်းထဲက ကားမောင်းသူကို လက်ပြနုတ်ဆက်ပြီးလျှင် ကျောပိုး လွယ်အိတ်လေးကိုပြင်လွယ်ပြီး ထမင်းချိုင့်ပါသောခြင်းလေးကို ဆွဲကာ ကျောင်းဝန်းထဲသို့ ဝင်ဟန်ပြုသည်။ ကားထွက်သွားပြီဆိုတာသေချာမှ သူရှိတဲ့ဘက်ကို လှည့်ကာ အပြုံးချိုချိုလေးပြုံးပြပြီး လက်တစ်ဖက်က ဝှက်ထားတဲ့စာလိပ်လေးကို မြေပြင်ပေါ်သို့ မသိမသာ ချထားခဲ့လေသည်။

သူ ပုံမှန်ငေးနေကြ ပန်းချီကားတစ်ချပ်ပါပဲ။ ထိုကောင်လေးရဲ့ ပုံပန်းသဏ္ဍာန် လှုပ်ရှားသွားလာဟန်တွေက အနုပညာဆန်စွာ သူ့ကို စွဲညို့ရစ်ပတ်နေတာ ကြာပြီ မဟုတ်လား။ ပတ်ဝန်းကျင်ရဲ့ တစ်ဖက်သတ်ဆန်တဲ့ သတ်မှတ်ချက်တွေကြောင့် သူတို့ နှစ်ယောက်ရဲ့ ချစ်မေတ္တာကြိုးတွေကို ဘယ်သူမှမရိပ်မိအောင်ဘဲ တိတ်တိတ်လေး ရစ်ပတ်ထားမိသည်။

One Shot CollectionsWhere stories live. Discover now