Arc 3: 3 - ရှမ်းရိပင်းဘဝ

579 68 0
                                    

Arc 3: 3 - ရှမ်းရိပင်းဘဝ

ရှမ်းသားအဖနှစ်ယောက် မေးခွန်းဝယ်မှုကြောင့် ထပ်မံအပြစ်ပေးမခံရတော့ဘဲ အိမ်ပြန်ရောက်ခဲ့သည်။အမှုပြီးသည့်အခါတွင် စာမေးပွဲထပ်ဖြေရန် မင်းကြီးကရာဇသံပေးသည်။ သူသာပထမနေရာကိုမရလျှင် အနာဂတ်မှာ မင်းမှုထမ်းတစ်ယောက်ဖြစ်လာတော့မည်မဟုတ်ပေ။

ထျန်းချန်မင်းကြီးက ရှမ်းရိပင်းကိုအများကြီးမျှော်လင့်ထားသည်။ သူသာဂုဏ်ထူးဆောင်နေရာကိုရနိုင်ပါက သူ့အနာဂတ်ကခိုင်မြဲသွားလိမ့်မည်။

ရှမ်းသခင်မကြီးက သူ့သားတင်ပါးမှာ ပတ်တီးစည်းပေးပြီး ပျော်ရွှင်စွာပြောသည်။ "ကျွန်မသိတာပေါ့ ကျွန်မသားက တစ်လောကလုံးမှာဉာဏ်အကောင်းဆုံးဆိုတာ။ သူငယ်ငယ်ကတည်းက အရမ်းတော်တာ"

ရှမ်းသခင်ကြီးကလည်း သူ့သားရဲ့ထက်မြက်မှုကို အရမ်းဂုဏ်ယူနေသည်။ ဒါပေမဲ့လည်း နည်းနည်းတော့စိတ်ဆိုးနေသည်။ သူထင်တာ သူ့သားကဒဏ်ရာရနေတဲ့ ကျုံးယုံပေါ့။ အဲ့လိုမဟုတ်ပါဘဲ သက်သက်မဲ့ဖုံးထားတယ်တဲ့။ အရင်ရက်တွေအကြောင်းပြန်တွေးကြည့်ရင် ဒေါသထွက်သလို ပျော်လည်းပျော်မိသည်။

"ရိပင်း အဖေစဉ်းစားကြည့်ပြီးပြီ။ မင်းပြောတာမှန်တယ်။ သတ္တမမင်းသားက မမျှတဘူး။ မင်းညီမလည်း အမြတ်နိုးမခံရမှတော့ အဖေတို့တခြားမင်းသားကိုပဲ ထောက်ပံ့ကြတာပေါ့" ရှမ်းသခင်ကြီးက မုတ်ဆိတ်သပ်ရင်း သက်ပြင်းချမိသည်။

"ဒါပေမဲ့ ကျွန်မတို့သတ္တမမင်းသားကိုမကူညီရင် ချောင်တန်ရဲ့အခြေအနေက ပိုဆိုးမလာနိုင်ဘူးလား"

"အမေ အရှည်ကိုကြည့်ပါ။ ရှမ်းအိမ်မပြိုလဲသ၍ သတ္တမမင်းသားလည်း ညီမလေးကိုမဖယ်ရှားရဲပါဘူး။ ပြီးတော့ ကျွန်တော်ကြားတာ သတ္တမမင်းသားက ကိုယ်လုပ်တော်ရှဲ့ကိုပဲချစ်မြတ်နိုးပြီး အခြားမိန်းကလေးတွေကို လေလိုပဲဆက်ဆံနေတယ်တဲ့။ တကယ်လို့ ကျွန်တော်တို့သာ သတ္တမမင်းသားကိုကူညီလိုက်ရင် အကျိုးခံစားရမှာကညီမလေးမဟုတ်ဘူး အချစ်ခံရတဲ့ရှဲ့ပဲ။ ဒါကြောင့်သူတို့ကျေးဇူးတင်ရအောင်ဘာလို့လုပ်ရမှာလဲ" ကျိုးယွင်ရှန့်က သူ့မိခင်ရဲ့ကျောပြင်ကိုပုတ်ပြီးနားချလိုက်သည်။

ရှမ်းသခင်ကြီးကလည်း လတ်တလောအဖြစ်အပျက်တွေကိုပြန်တွေးကြည့်တော့ သတ္တမမင်းသားကသူတို့ကိုကူညီဖို့ငြင်းဆန်ပြီး သူ့သမီးကိုအခန်းထဲပိတ်ထားတာပြန်သတိရသည်။ ရှမ်းမိသားစုက တကယ်ဖုန်မှုန့်လိုခါထုတ်ခံလိုက်ရတာပဲ။ သူဆက်ပြီးအတိုက်အခံမပြောတော့ပေ။

တော်ဝင်မိန်းမစိုးက မေးခွန်းခိုးထုတ်ပြီးရောင်းခဲ့တာကြောင့် ထျန်းချန်မင်းကြီးက နန်းတွင်းရှိမသမာသည့်အမှုထမ်းများကို ဖယ်ရှားပစ်လိုက်သည်။ လက်ရှိအခြေအနေတွေကို အပြင်ကိုမပေါက်ကြားအောင်လည်းထိန်းထားသည်။ ဒါကြောင့် သတ္တမမင်းသားက ထိုပြောင်မြောက်သည့်အဖြေလွှာကို ရှမ်းရိပင်းရေးမှန်းမသိပေ။

ရှဲ့ယွိရိုက ပြန်လည်မွေးဖွားခဲ့တာကြောင့် အခြေအနေကိုသုံးသပ်ရာတွင်အကင်းပါးသည်။ ဘယ်အမတ်က သတ္တမမင်းသားကိုကူညီခဲ့လဲဆိုတာလည်းသိထားသည်။ အရင်ဘဝကအတွေ့အကြုံအရ ထိုအဖြေရေးသူမှာ လင်းဝမ်ကျဲ့ဆိုသည့်လူဖြစ်သည်။

မင်းကြီးက အဖြေရေးသူကိုရှာနေတယ်ဆိုတဲ့သတင်းကြားတော့ သူကသတ္တမမင်းသားကို လင်းဝမ်ကျဲ့အကြောင်းပြောပြသည်။ သူအမှတ်မထင်တွေ့ခဲ့ခြင်းဖြစ်သည်ဟုသာဆိုထား၏။ သတ္တမမင်းသားလည်း သူ့အဖေကိုကျေနပ်စေချင်တာကြောင့် လင်းဝမ်ကျဲ့ကို ကိုယ်တိုင်သွားတွေ့သည်။

လင်းဝမ်ကျဲ့သည် ကိုယ်လုပ်တော်တစ်ဦးမှမွေးထားသောသားဖြစ်ပြီး 'မယက' တစ်ဦးဖြစ်လေသည်။ သူကစာမေးပွဲဝင်ရောက်ဖြေဆိုလိုသော်လည်း သူ့ဇနီးကထောက်ခံသူရှာမပေးပေ။ အစေခံတွေကို သူ့ရဲ့စာပေပစ္စည်းတွေမီးရှို့ဖို့ အမိန့်ပေးခဲ့သည်။

သူ့ဘဝကအရမ်းခက်ခဲပြီး ငွေသုံးစွဲရန် ကဗျာတိုကဗျာစများရောင်းစားရသည်။ ဒါကြောင့် သူ့နယ်တွင်တော့လူသိများသည်။ နန်းတွင်းစာမေးပွဲကာလရောက်လာတော့ လူတွေကသူ့အိမ်ရှေ့ရောက်လာပြီး ဒီမေးခွန်းအတွက်အဖြေကိုရေးခိုင်းသည်။ သူတို့ကသူ့ကိုလုပ်ငန်းမချဲ့ထွင်ဖို့ပြောပြီး နောက်ဆိုတူညီတဲ့စာမျိုးထပ်မရေးဖို့လည်းပြောထားသည်။ ပေးငွေကလည်း အတော်ရက်ရောသည်။

ဒါပေမဲ့ လင်းဝမ်ကျဲ့က ငတုံးမဟုတ်ပေ။ ထိုအခွင့်အရေးကိုအသုံးချပြီး ရက်အနည်းငယ်စာပြန်လေ့လာကာ အကောင်းဆုံးအဖြေကိုချရေးသည်၊ ပြီးတော့ဝယ်သူတွေဆီရောင်းသည်။ သူဟာ ထျန်းချန်မင်းကြီးသူ့ကိုသတိပြုမိလာအောင် ရည်ရွယ်ချက်ဖြင့်ကြံစည်ထားခြင်းဖြစ်သည်။

ဒါကြောင့် သတ္တမမင်းသားလာချိန်တွင် သူကဝတ်ကောင်းစားလှဝတ်ပြီး တံခါးဝမှထွက်ကြိုလေသည်။

သတ္တမမင်းသားလည်း သူနဲ့စကားအများကြီးပြောပြီး ဒီလူဟာထူးခြားတယ်လို့သတိထားမိသည်။ လင်းဝမ်ကျဲ့အဖြေက စာမေးပွဲဖြေဆိုသူတွေကြားပြန့်နှံ့နေပြီး ကျိုးယွင်ရှန့်အဖြေကတော့ ထျန်းချန်မင်းကြီးဆီမှာသိမ်းထားသည်။ ဒါကြောင့် သတ္တမမင်းသားက လင်းဝမ်ကျဲ့၏အဖြေကိုသာသိထားပြီး အဲ့ထက်ကောင်းတဲ့အဖြေရှိတာမသိပေ။

လူနှစ်ဦးမှာအဖြေတစ်မျိုးတည်းဖြစ်နေတယ်ဆိုတာကြားတော့ လင်းဝမ်ကျဲ့ကြောက်သွားယောင်ဆောင်လိုက်ပြီး "မူလအဖြေက ကျွန်တော်မျိုးရေးတာပါ၊ ကျွန်တော်မျိုးအတင့်ရဲမိပါတယ်၊ ကျွန်တော်မျိုးသေသင့်ပါတယ်"

သတ္တမမင်းသားက သူ့ကိုအလျင်အမြန်ဆွဲထူလိုက်ပြီး မင်းကြီးကသူ့ကိုအပြစ်မတင်ကြောင်း၊ သူ့ကိုရှာနေပြီး ရုံးတော်မှာအမှုထမ်းခိုင်းလိုကြောင်းရှင်းပြသည်။ လင်းဝမ်ကျဲ့ နှလုံးပီတိဂွမ်းဆီထိသွားပေမဲ့ အကြိမ်ကြိမ်ဟန်ဆောင်ငြင်းလေသည်။ သတ္တမမင်းသားက နန်းတော်မှာအမှုထမ်းရန်ဆွဲဆောင်တော့မှသဘောတူလိုက်သည်။

ရုံးတော်ခန်းမအတွင်း၌ ထျန်းချန်မင်းကြီးသည် လင်းဝမ်ကျဲ့ကို မှုန်တေတေကြည့်နေလေသည်။ လင်းဝမ်ကျဲ့ ကြောက်ချွေးတွေပြန်နေတော့မှ သူ့ကိုမေးလိုက်သည်။ "အဲဒီအဖြေကမင်းရေးတာဆိုတော့ ကိုယ်တော့်ကိုပြန်ရွတ်ပြနိုင်လား"

လင်းဝမ်ကျဲ့ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ပြန်ရွတ်ပြလိုက်သည်။ ထျန်းချန်မင်းကြီး၏ အေးစက်စက်မျက်နှာက အထင်သေးသည့်ဘက်ကိုပြောင်းသွားပြီး သနားစိတ်လည်းဝင်မိသည်။ ကျိုးယွင်ရှန့်သာမရှိလျှင် ထျန်းချန်မင်းကြီး သူ့အဖြေကိုချက်ချင်းရွေးလိုက်မှာ။ ဒါပေမဲ့လည်း အခြားအဖြေရဲ့ရေးသူကို သူအရမ်းစိတ်ဝင်စားပြီး ကောင်းတဲ့လက္ခဏာရှိရင် ရုံးတော်မှာအမှုထမ်းစေမလို့ပဲ။ သို့သော်ငြား ဒီလူကနန်းတော်မှာထူးခြားတဲ့အဖြေလွှာထွက်ပေါ်တယ်ဆိုတာနဲ့ ချက်ချင်းလာဝန်ခံတယ်။ သူ့ရဲ့အကျိုးလိုစိတ်ပြင်းထန်တာကို အတိုင်းသားမြင်နေရတယ်။ ပေါ့ပါးသွက်လက်ပြီးဖြူစင်တဲ့ရှမ်းရိပင်းနဲ့ယှဉ်ရင် နံ့သာဆီနဲ့အီးပဲ။

"တော်ပြီ။ ဒီအဖြေကကောင်းပါတယ်။ ဒါပေမဲ့ ငါကိုယ်တော်ကိုကျေနပ်စေလောက်အောင် မကောင်းဘူး။ မင်းကောင်းကောင်းသင်ယူပါ ဒါပေမဲ့အောင်မြင်ဖို့အလောမကြီးနဲ့" ထျန်းချန်မင်းကြီးက အဖြေလွှာတစ်ခုကို အနီးနားကမိန်းမစိုးကတဆင့်ပေးလိုက်ပြီး "ဒါကိုကြည့်ကြည့်ပြီးတော့ မင်းဘာကြောင့်ရှုံးရသလဲလေ့လာ"

လင်းဝမ်ကျဲ့ သူတွက်ချက်တာမှားသွားမှန်းသိလိုက်သည်။ မင်းကြီးပေးတဲ့အဖြေလွှာကိုဖတ်ရင်း ကြောက်စိတ်ကိုနှိမ်နင်းနေရသည်။ ပြီးနောက် မျက်နှာတစ်ခုလုံးဖြူဖျော့သွားလေသည်။

"သတ္တမလေး မင်းလည်းကြည့်ကြည့်" ထျန်းချန်မင်းကြီးက အင်္ကျီလက်ကိုဝေ့ရမ်းပြီး ပြောလိုက်သည်။

သတ္တမမင်းသားလည်း လင်းဝမ်ကျဲ့လက်ထဲကစာရွက်ယူဖတ်ပြီး လန့်သွားသည်။

"ယုံတောင်မယုံနိုင်ဘူး။ အရေးအသားကအစ သိပ်ကိုလှပပြီး အဖြေဟာလည်းထူးခြားလွန်းတယ်။ ခမည်းတော် ဒီအဖြေလွှာပိုင်ရှင်ဘယ်သူလဲဆိုတာ သားတော်သိခွင့်ရှိမလား"

"ဒါမင်းယောက်ဖတော်မဟုတ်ဘူးလား" ထျန်းချန်မင်းကြီးက ရယ်မောလိုက်ပြီး "သူကဆော့ကစားချင်သေးတာကြောင့် ရှမ်းအမတ်ရှေ့မှာ အသုံးမကျသလိုရူးချင်ယောင်ဆောင်နေတာ။ သူသာသေရေးရှင်‌ရေးအခြေအနေကိုမရောက်ရင် ကိုယ်တော်လည်း သူဘယ်ချိန်ထိဖုံးကွယ်ထားမလဲမသိနိုင်ဘူး"

သတ္တမမင်းသား ရင်ထဲထိတ်သွားပြီး ကြောင်အသွားသည်။

ထျန်းချန်မင်းကြီးလည်း ဆက်ရှင်းပြရမှာပျင်းတာကြောင့် ထလိုက်ပြီး "ကိုယ်တော်ပင်ပန်းနေပြီ။ မင်းတို့နှစ်ယောက်စိတ်ငြိမ်သွားတဲ့အခါ မှတ်ထား လူတွေရဲ့အလွန်မှာ လူတွေရှိသလို၊ ကောင်းကင်ရဲ့အလွန်မှာ ကောင်းကင်တွေရှိတယ်"

လင်းဝမ်ကျဲ့ရှက်ပြီး ဒူးထောက်ကာအကြိမ်ကြိမ်ဦးတိုက်တော့သည်။ သတ္တမမင်းသားက သူ့ကိုအိမ်ပြန်ပို့ပြီး သူနဲ့မဟာမိတ်ဖွဲ့ဖို့မစဉ်းစားတော့‌ပေ။ သူဖတ်ခဲ့သည့်အဖြေလွှာကိုသာ ပြန်စဉ်းစားမိသည်။ ဒီလိုပြောင်မြောက်တဲ့အရေးအသားက ရှမ်းရိပင်းဆီကလာတယ်ဆိုတာ သူလုံးဝမထင်ခဲ့မိဘူး။ ဒါပေမဲ့ သူ့အဖေက အမြော်အမြင်ကြီးပြီး အရည်အချင်းအကဲဖြတ်တဲ့နေရာမှာ အရမ်းတော်တဲ့သူ။ သူက ဟုတ်တယ်လို့ပြောရင် မမှားနိုင်ဘူး။

သူ့အဖေရဲ့ချီးကျူးမှုကိုခံချင်တာကြောင့် သူအတွေးတိမ်မိသွားသည်။ သူ့ခမည်းတော်ကအခု ရှမ်းရိပင်းကိုအရမ်းအထင်ကြီးလေးစားနေပြီ။ သူ့အနေနဲ့ ရှမ်းချောင်တန်နဲ့ရှမ်းအိမ်ကို အေးစက်စက်ဆက်ဆံခဲ့တာကိုပြန်တွေးမိတော့ အခုရှမ်းအိမ်ကသူ့ကိုမုန်းနေမှာပဲ။ သတ္တမမင်းသား၏ပါးပြင်မှာ အကြိမ်များစွာအရိုက်ခံထားရသကဲ့သို့ ပူထူနေ၏။

ရှမ်းရိပင်းက ရာထူးမြင့်တဲ့နေရာကိုသေချာပေါက်ရမှာ။ ရှမ်းဟွိုက်ရဲ့နေရာကလည်း ပိုဩဇာကြီးလာမယ်။ ရှမ်းရိပင်းနဲ့သူ့အဖေရဲ့အကူအညီကိုဆုံးရှုံးရတာ ညာလက်ကိုဆုံးရှုံးလိုက်ရသလိုပဲ။ သတ္တမမင်းသား နောင်တရလေပြီ။ သူ့ရဲ့ရှဲ့ယွိရိုက ဒီအကြံကိုပေးပြီးသူ့ကိုလမ်းမှားရောက်စေတာပြန်တွေးမိတော့ အိမ်တော်ပြန်ရောက်သည့်အခါ သူမကိုအပြစ်တင်တော့သည်။

ရှဲ့ယွိရိုက သူရှမ်းဟွိုက်၏ ဂုဏ်သိက္ခာကိုဖျက်ဆီးပစ်နိုင်မည်ဟုထင်ထားသော်လည်း မမျှော်လင့်သည်က ရှမ်းရိပင်းပေါ်လာပြီး ရှမ်းဟွိုက်ထက်ပိုအစွမ်းထက်နေတာပဲ။ ရှဲ့ယွိရို အရင်ဘဝကရှမ်းရိပင်းအကြောင်းပြန်စဉ်းစားကြည့်သည်။ သူ့မှတ်ဉာဏ်ထဲတွင် သူသည်မြည်းအတစ်ကောင်သာ။ စာပေမှာပါရမီပါမည်ဟုထင်စရာမရှိပါ။

ရှမ်းရိပင်းဟာ လူပေါ့လူသွမ်းတစ်ယောက်ဖြစ်ပြီး ဖခင်ရဲ့အရှိန်အဝါနဲ့ကောင်းစားနေသူဖြစ်သည်။ ဒီဘဝမှာသူက သူတို့မိသားစုကိုပျက်စီးစေမယ့်လမ်းဆုံးထိပို့ခဲ့ပြီးပြီ။ မဟုတ်မှလွဲရော သူ့ရဲ့ဇောကြီးမှုက ဒီလိုဖြစ်လာစေတာလား။ အနာဂတ်မှာပိုပြီးဒုက္ခရောက်နိုင်လား။ ရှမ်းအိမ်ရဲ့အကူအညီမပါရင် သတ္တမမင်းသားရောထီးနန်းကိုရနိုင်ပါ့မလား။

ဒါကိုတွေးမိပြီး ရှဲ့ယွိရိုရင်ထဲမချိဖြစ်ရသည်။ အလောတကြီးလုပ်မိလို့သူ့ကိုယ်သူအပြစ်တင်ပြီး ကျောက်တုံးတစ်တုံးကို နင်းချေပစ်ရန်ပင်ကောက်လိုက်သေးသည်။ ဒါပေမဲ့ အရင်ဘဝက သတ္တမမင်းသားအကူအညီအပြည့်အဝရတာနဲ့ သူ့ကိုပစ်ထားမှန်းသတိရလိုက်သည်။ ဒါကိုတွေးပြီး သူစိတ်ပြန်လျှော့လိုက်သည်။

~~~~~~~~~~~

စာမေးပွဲမေးခွန်းပေါက်ကြားသည့်အဓိကအကြောင်းအရင်းကိုရှာတွေ့ပြီး အိမ်ရှေ့မင်းသား၏နောက်လိုက်အမတ်အများအပြား ရာထူးချခံလိုက်ရသည်။ အိမ်ရှေ့မင်းသားကိုယ်တိုင်လည်း ညီလာခံတွင်ပြင်းထန်စွာအဆူခံရပြီး မျက်နှာပျက်ရသည်။

နှစ်ရက်ကြာပြီး‌နောက် ထျန်းချန်မင်းကြီးက ဝင်ခွင့်စာမေးပွဲကိုပြန်လည်ကျင်းပပြီး နန်းတွင်းစာမေးပွဲအသစ်ကိုကျင်းပသည်။

ကျိုးယွင်ရှန့် ဝင်ခွင့်အောင်ပြီး နန်းတွင်းစာမေးပွဲကိုဖြေဆိုခွင့်ရခဲ့သည်။ ဒီတစ်ခါမေးခွန်းကလည်းရှင်းသည်။ စိုက်ပျိုးမွေးမြူစီးပွားရေး။ မေးခွန်းကအနည်းငယ်တော့ဇဝေဇဝါဖြစ်နိုင်စရာရှိသည်။ ဒါကြောင့် ကျောင်းသားအများစုမျက်မှောင်ကြုတ်ပြီး အဖြေဖြေဖို့သေချာစဉ်းစားကြရသည်။

ကျိုးယွင်ရှန့်မျက်လုံးကိုခဏမှိတ်ထားပြီးပြန်ဖွင့်ကာ စာရွက်ပေါ်စုတ်တံကို စိမ့်စမ်းရေစီးသလို ညိမ့်ညိမ့်‌ညောင်းညောင်းရေးချလိုက်သည်။ ပြည်သူအမျိုးအစားလေးခု။ စာပေပညာရှင်၊ လယ်သမား၊ လက်မှုပညာသည်တွေနဲ့ ကုန်သည်တွေ။

လူကုံထံနဲ့ အဆင့်နိမ့်ကုန်သည်ဆိုတဲ့အချက်အလက်ကိုလျစ်လျူရှုပြီး ပြည်သူတွေရဲ့အသုံးဝင်ပုံကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။ ကုန်သည်တွေနဲ့ တိုင်းပြည်ရဲ့အရေးကြီးကဏ္ဍမှာရှိနေတဲ့လူတွေ။ သူစာကိုမချုံ့ဘဲ အကုန်ရေးလိုက်သည်။

အများစုရေးကြသည်က တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးသာဖြစ်သည်။ ဒါမျိုးက မေးခွန်းနဲ့သိပ်မအပ်စပ်သလို မင်းကြီးကိုလည်းသဘောကျစေမည်မဟုတ်။ ကျိုးယွင်ရှန့်နဲ့ 007က မင်းကြီးဘာကြောင့်အခွန်ဥပဒေပြင်လိုသလဲလေ့လာပြီးပြီ။ ဘာလို့ဆို သူကဆိပ်ကမ်းကုန်သွယ်မှုလုပ်ငန်းကိုဖွင့်ပြီး အခြားတိုင်းပြည်နဲ့ကူးသန်းလိုတာပဲ။ ဒီအဖြေက မင်းကြီးရဲ့စိတ်ကိုအပြည့်အဝမကျေနပ်စေနိုင်ပေမဲ့လို့ မင်းကြီးကိုသိချင်စိတ်တော့ဖြစ်စေလိမ့်မယ်။

ထျန်းချန်မင်းကြီးသည် ပုံမှန်အားဖြင့် စာစစ်ရာတွင်ပထမနှစ်ကြောင်းသာဖတ်ရန်လိုသည်။ ဒါပေမဲ့ အဖြေလွှာတစ်ရွက်ကိုတော့ အဆုံးထိဖတ်ပြီးချီးကျူးလိုက်သည်။

ကျောင်းသားအားလုံးလည်း ကြည့်ပြီး ပထမအဆင့်ဟာမည်သူမှန်း ခန့်မှန်းသိရှိသွားကြသည်။

နန်းတွင်းစာမေးပွဲပြီးနောက် မင်းကြီးက ကျိုးယွင်ရှန့်ကိုခေါ်တွေ့ရန် မစောင့်နိုင်တော့ပေ။ သူတို့ရုံးတော်ခန်းမမှာဆွေးနွေးကြပြီး ညဉ့်နက်မှကျိုးယွင်ရှန့်ကိုပြန်လွှတ်သည်။

သုံးရက်ကြာပြီးနောက် အောင်စာရင်းထွက်ပြီး ရှမ်းရိပင်းကပထမအဆင့်ဂုဏ်ထူးဆောင်အဖြစ်နဲ့ တော်ဝင်ကျောင်းတော်မှာ တာဝန်ထမ်းဆောင်ခွင့်ရသည်။ ဒါဟာသူ့ရဲ့ပထမခြေလှမ်းဖြစ်ပေမဲ့ သူဟာမင်းကြီးအနီးအနားမှာ ခစားခွင့်ရတယ်။ သူက (၁၇)နှစ်ပဲရှိသေးတာ။ ဒီလိုသာနှစ်အနည်းငယ်ဆက်သွားရင် ငယ်ငယ်ရွယ်ရွယ်နဲ့ညီလာခံမှာပါဝင်နိုင်တဲ့အမတ်တစ်ဦးဖြစ်လာနိုင်သည်။


ဒီနေ့ရှမ်းရိပင်းဟာ ပေကျင်းမှာ နာမည်ကြီးတစ်ဦးဖြစ်နေပြီး ရှမ်းအိမ်ရှေ့တွင် လက်ထပ်ရန်ကမ်းလှမ်းလိုသည့်မိသားစုများမှ ကိုယ်စားလှယ်များဖြင့်ပြည့်နေသည်။

သတ္တမမင်းသားအိမ်တော်၌.....

သတ္တမမင်းသားက ရှမ်းချောင်တန်ရဲ့လက်ဆောင်ပစ္စည်းစာရင်းကိုကြည့်ပြီး တစ်ခုခုမှားနေတာကြောင့် နောက်ထပ်သုံးဆထပ်တိုးလိုက်သည်။ "ရိပင်းက တော်ဝင်ကျောင်းတော်ကိုသွားရင် သူနဲ့ဆက်သွယ်ဖို့ကလွယ်တော့မှာမဟုတ်ဘူး။ မင်းကသူ့ညီမပဲ သူ့ကိုလက်ဆောင်များများပေးသင့်တယ်"

"ဒီကိုယ်လုပ်တော် သိပါပြီ။ အခုပဲ ဘဏ္ဍာတိုက်သွားပြီးကြည့်လိုက်ပါမယ်" ရှမ်းချောင်တန်က ချိုသာစွာရယ်မောလိုက်သည်။ ဒါပေမဲ့ သူ့မှာသတ္တမမင်းသားနဲ့ပတ်သက်ပြီး ခံစားချက်မရှိတော့ပေ။ သူသန္ဓေမြုံဆေးအကျွေးခံရတာလည်းသိပြီးပြီမို့ အမြတ်နိုးခံရဖို့အခွင့်အရေးက ဆုံးရှုံးနှင့်ပြီးပြီ။ ဒါပေမဲ့ သူ့မိသားစုကအင်အားတောင့်တင်းနေမယ်ဆိုရင် နန်းတော်ထဲမှာသူ့နေရာကယိုင်လဲမည်မဟုတ်။ သတ္တမမင်းသားကို ကျေနပ်အောင်လုပ်ပေးမယ့်အစား သူ့အစ်ကိုသူ့ကိုပြန်ကြည့်အောင်လုပ်တာကမှအကျိုးရှိဦးမည်။ အခုသူ့မိသားစုက သူမှီခိုလို့ရမယ့်တစ်ခုတည်းသောနေရာမဟုတ်လား။

ရှမ်းချောင်တန် ပင်မခန်းမဆောင်ကထွက်တော့ အဝင်ဝမှာ မျက်တွင်းကျနေသည့် ရှဲ့ယွိရိုနဲ့တိုးသည်။ သူမဲ့ပြုံးပြုံးလိုက်သည်။ နင်အချစ်ခံနေရတော့ရော ဘာ‌အရေးလဲ။ ရှမ်းအိမ်မပြိုလဲသ၍ နင်ငါ့ကိုကျော်လို့မရဘူး။ နင်အရင်ကလုပ်ထားသမျှ ပြန်ပေးဆပ်ရမယ်မှတ်!


Note -

ကျုံးယုံ - ခြိုးခြံ၊ ဖြောင့်မတ်၊ မှန်ကန်၊ ရိုးသား၊ အမှန်တရားရဲ့ဘက်တော်သား၊ ထုံးတမ်းလိုက်နာ၊ တရားမျှတပြီး ဘက်မလိုက်တတ်သူ။

                             •••


သတ္တမမင်းသား ကျူးစစ်ချင်း + ရှဲ့ယွိရို


Note - 
ကျုံးယုံ - ခြိုးခြံ၊ ဖြောင့်မတ်၊ မှန်ကန်၊ ရိုးသား၊ အမှန်တရားရဲ့ဘက်တော်သား၊ ထုံးတမ်းလိုက်နာ၊ တရားမျှတပြီး ဘက်မလိုက်တတ်သူ။ 
                             •••သတ္တမမင်းသား ကျူးစစ်ချင်း + ရှဲ့ယွိရို

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဗီလိန်မာယာ (Arc-3)Where stories live. Discover now