(၇၁)

5.6K 825 57
                                    

{Unicode}

အခန်း(၇၁)

လီလော့သည် သွမ့်ရှင်းယဲ့၏ သူ့ အပြစ် သူ မမြင်ဘဲ အဖြူကို အမည်းလုပ်ကာ ပြောဆိုနေသည်ကို ကြားလိုက်ရသည်တွင် "သောက်ရှက်မဲ့လိုက်လေခြင်း" ဟူ၍ ဆူကြိမ်းမောင်းချင်ပါသော်ငြား ဦးနှောက်ဆီသို့ ပေးပို့နေသည့် အောက်ဆီဂျင်က လျော့နည်းလာလေရာ ဗလာသက်သက် မျက်လုံးတွေဖြင့်သာ စိုက်ကြည့်နေနိုင်၏။ သူ့ အမြင်အာရုံသည် ဖြည်းဖြည်းချင်း ဝေဝါးလာပြီး သတိကပါ လစ်ချင်သလိုလိုဖြစ်လာကာ ကမ္ဘာကြီးတစ်ခုလုံးနှင့် ကင်းကွာသွားသလို ယောင်ဝါးဝါး ခံစားလိုက်ရသည်။

သို့ဖြစ်နေသည့်တိုင် သွမ့်ရှင်းယဲ့၏ လက်များဆီမှ အားက လျော့ကျမသွား။ သူသည် လီလော့အား အမှန်တကယ် သေသွားစေချင်နေသည့်နှယ် လည်ပင်းကို ခပ်တင်းတင်း ဖိညှစ်ထားတုန်းပင်။

" သခင်လေး "

ဘေးနားတွင်ရှိသည့် ကျင်းရန်ဆီမှ သတိပေးသံ ထွက်လာသည်။

" သူ့ဆီက ဘာသက်သေမှ မရသေးဘူးနော် "

သွမ့်ရှင်းယဲ့သည် ခေါင်းအသာငဲ့ကာ ကျင်းရန်ဘက် တစ်ချက်ကြည့်လိုက်၏။ ယခုအချိန်သည် လက်စားချေဖို့ရန်အတွက် စိတ်အားထက်သန်နေရမည့် အချိန်မဟုတ်ကြောင်း ပြန်တွေးမိလိုက်သည်။ ထို့နောက်တွင် သူ့ မျက်လုံးများဆီမှ အနီရောင် အလင်းတန်းတွေသည် တဖြည်းဖြည်း မှိန်ဖျော့သွားကာ နောက်ဆုံးတွင် လီလော့၏ လည်ပင်းကို ပြန်လွှတ်ပေးလိုက်သည်။

" Mr.လီရေ၊ ဆောရီးပါဗျာ "

လည်မြိုကို ချုပ်ကိုင်ထားရာမှ ကင်းလွှတ်သွားသည့် လီလော့မှာ သောင်တင်နေရာမှ သေအံ့မူးမူးဖြစ်နေသည့် ငါးတစ်ကောင်သည် လှိုင်းလုံးကြီး၏ ရိုက်ချက်ကြောင့် ပင်လယ်ထဲသို့ ပြန်လည်မျောပါသွားသလိုနှယ်  ခံစားလိုက်ရ၏။ သူသည် လတ်ဆတ်သည့် လေထုကို လောဘကြီးစွာ ရှိုက်ရှူသွင်းနေရင်း ရင်ဘတ်ကပါ နှိမ့်မြင့်ချည်ဖြစ်လာသည်။ နှစ်မိနစ်သုံးမိနစ်အကြာတွင်မှ မူးရိပ်ရိပ်ဖြစ်နေသည်က သက်သာ၍သွားသည်။

သွမ့်ရှင်းယဲ့သည် မူလက ထိုင်နေသည့် ဆိုဖာတွင် ပြန်ထိုင်နေပြီဖြစ်ပြီး လက်ဖက်ရည်တစ်ခွက်ကိုပင် ဟန်ကျပန်ကျ ငှဲ့နေလိုက်သေး၏။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now