{Unicode}
အပိုင်းတစ် - မိုးမသောက် မှောင်မိုက်အရိပ် မပြေးမီ (၆)
ည ဆယ့်တစ်နာရီခန့်တွင်သူ့ နှလုံးက ရုတ်ခြည်းပင် ပြင်းထန်စွာဖြင့် လှုပ်ခုန်လို့လာပြီး အိပ်ပျော်နေသူကို သူ့ အိပ်မက်အတွင်းမှ နိုးထလာစေသည်။
ပတ်ဝန်းကျင်သည် မှောင်အတိကျကာ တိတ်ဆိတ်နေပြီး ပြန်ကြားနေရသမျှ အသံဟူ၍ သူကိုယ်တိုင်၏ ထိတ်လန့်တကြား အသက်ရှူနေသံသာ။
ခုတင်ဘေး စားပွဲပေါ်ရှိ တောက်ပနေသော အီလက်ထရွန်းနစ်နာရီဆီက အလင်းမှလွဲ၍ အားလုံးသည် အမှောင်ထုက ဝါးမျိုသွားသည့်အလား သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားသည်။
သွမ့်မင်ယန်၏ နှလုံးခုန်သံသည် အလွန်မြန်ဆန်နေပြီး အကြောင်းပြချက်မရှိပါဘဲ စိုးရိမ်ထိတ်လန့်စိတ်က ဝင်လာသည်။ အချိန်အတော်ကြာသည်အထိ မျက်နှာကျက် မီးခလုတ်ကို စမ်းတဝါးဝါး လိုက်ရှာနေရပြီးမှ မီးဖွင့်လိုက်နိုင်သည်။ မီးအလင်းရောင် ဝင်ဝင်လာချင်း သူ့ နံ့ဘေးရှိ ခေါင်းအုံးရှိရာဆီ ချက်ချင်း လှည့်ကြည့်လိုက်မိ၏။
မည်သူမျှရှိမနေ။
အိပ်ခန်းကျယ်ကြီးထဲတွင် သူကလွဲ၍ မည်သူမှ မရှိ။
သူ မရေမရာဖြင့် နာမည်တစ်ခုကို အော်ခေါ်လိုက်မိသည်။
" လီလော့ ? "
ငါးစက္ကန့်မျှ ကြာသွားသည်အထိ မည်သည့်ပြန်ဖြေသံမှ မကြားရသည့်အခါ နောက်ထပ်တစ်ခါ အော်ခေါ်လိုက်မိပြန်၏။
" လီလော့ ! "
ယခုထိတိုင် တိတ်ဆိတ်နေဆဲ။
" လီလော့ ! "
တတိယအကြိမ်တွင်ကား သူ့အသံသည် ကယောင်ချောက်ချားဖြင့် လဲပြိုကျသွားတော့မည့်သူကဲ့သို့ ဖြစ်လာ၏။
အဖျားခတ်ကာ ကျန်ခဲ့သည့် သူ့အသံ တုန်တုန်ချိချိမှလွဲလျှင် အခန်းတစ်ခုလုံး တိတ်ဆိတ်နေမြဲ။
အိပ်ချင်စိတ် ပြေလာသည်နှင့်အမျှ အိပ်မက်ထဲတွင် မြင်တွေ့ခဲ့ရသူ၏ အပြုံးနှင့် ပုံရိပ်လေးက တဖြည်းဖြည်း မှုန်ဝါးလို့လာပြီး အဆုံးတွင် ပျောက်ကွယ်၍သွားသည်။

YOU ARE READING
နံနက်မိုးသောက် အလင်းရောက်သောအခါဝယ် {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle: AD Author: လစ်တဲလ်အိုင်း(စ်)ကျု Status: Completed with 87 + 14 Extra သွမ့်မင်ယန် × လီလော့ သွမ့်အိမ်တော်၏ သခင်လေး(Gong) × ချောမောလှပသည့် နာမည်ကြီးသရုပ်ဆောင်(Shou) ------------ သွမ့်မိန်ယန် × လီလော့ သွမ့်အိမ်တော်၏ သခင်လေး(Gong) × ချောမောလှပသ...