ဒီနေ့တော့ ချန်းယောလ် ဘတ်ခ်ဟျွန်းအိမ်ကို မသွားဖြစ်ပါ။ ၅ ရက် လာလည်တာကို ၅ ရက်လုံး သူများအိမ်မှာပဲ အိမ်လည်ထွက်နေတာတော့ နည်းနည်း လူကြီးတွေ မျက်စိနောက်စရာကောင်းသလားလို့..။
အဲ့နေ့တုန်းက ဘတ်ခ်ဟျွန်းကတော့ မသိမသာလေး မျှော်နေမိသေးတယ်။ တစ်ယောက်တည်းနေလာတာ ကြာတော့ မသိမသာ အထီးကျန်နေတဲ့ ဘဝကနေ ကိုယ်နဲ့ သက်တူရွယ်တူ စကားပြောဖော်လေး ပေါ်လာတော့ နည်းနည်း သံယောဇဉ်ဖြစ်မိသွားတယ် ထင်ပါတယ်။ သူငယ်ချင်းတွေ မရှိတာတော့ မဟုတ်ပေမယ့် ကိုယ့်ဘဝကိုယ် လျှောက်နေကြတာဆိုတော့ အရင်လို အဆက်အသွယ်မရှိတော့ဘဲ တစ်ကိုယ်တည်း သီးသန့်လို ဖြစ်နေတာ ကြာခဲ့ပြီဆိုပါတော့။
နောက်တစ်ရက်မှာတော့ ချန်းယောလ် ထပ်ရောက်လာပါတယ်။ ဒါပေမဲ့ လာနှုတ်ဆက်တာတဲ့။ ချန်းယောလ် ရောက်လာတဲ့ အချိန်မှာ ဘတ်ခ်ဟျွန်းက မြို့က ပန်းဒိုင်ကို ပို့မယ့် ဖောက်သည်ရောက်နေတာမို့ ပန်းတွေ တင်နေတုန်း။
" ချန်းယောလ် ခဏ ထိုင်စောင့်ဦးနော်။ ဒီတစ်ခေါက်က နောက်ဆုံးပဲ "
ပန်းပွင့်တွေ တပွေ့တပိုက်ကြီးနဲ့ ဘတ်ခ်ဟျွန်းက ချန်းယောလ်ကို စကားလှမ်းပြောပေမယ့် လက်ထဲက ပန်းတွေနဲ့ လူကို ကွယ်နေတာမို့ လူကို မမြင်ရဘဲ လက်ကလေးတွေရယ်၊ ခြေထောက်လေးတွေရယ်၊ အသံလေးကိုပဲ ကြားရတယ်။
လေးတာတော့ မဟုတ်ပေမယ့် ကြည့်မနေနိုင်တဲ့ ချန်းယောလ်ကပဲ သူ့လက်ထဲက ပန်းတွေကို ပွေ့ယူပြီး ကားပေါ်ကို တင်ပေးလိုက်တော့တယ်။
လူကို ကြည့်လိုက်ပါတော့ ဝတ်ထားတဲ့ အဝါနုရောင် အင်္ကျီလေးက မြေကြီးတွေ ပေလို့။ မျက်နှာမှာလည်း မြေမှုန့် အနည်းငယ် ပေနေပြီး ခေါင်းပေါ်မှာလည်း သစ်ရွက်ကလေးတွေက ဟိုတစ်စ ဒီတစ်စနဲ့ ပေသလူးလေး ဖြစ်နေပြီ။
" ကျွန်တော် ပြန်တော့မလို့။ ဘတ်ခ်ဟျွန်းကို လာနှုတ်ဆက်တာ "
" ပြန်တော့မှာပေါ့။ ဂရုစိုက်ပြီး ပြန်နော်။ နောက် ဒီဘက်ကို လာဖြစ်ရင်လည်း ဝင်လာခဲ့ဦးနော် "
" ဟုတ်ပါပြီ။ ဘတ်ခ်ဟျွန်းလည်း ဆိုးလ်ကို ရောက်ဖြစ်ရင် ဆက်သွယ်လိုက်ပါဦး။ ကော်ဖီလေး ဘာလေး သောက်ရအောင် "
YOU ARE READING
Say I Love You
Romanceပန်းပင်လေးတွေ ပျိုးမယ်။ ဓါတ်ပုံလှလှ ရိုက်မယ်။ ပြီးတော့ မင်းကိုချစ်တယ်လို့ နေ့တိုင်းပြောမယ်။