[U] အပိုင်း (၃)

859 100 3
                                    

[Unicode]
ခေါင်းပူသော်လည်း နှလုံးသားမှာ အေးစက်နေ

ဝေ့ချန်းက "ခွေးသူရဲကောင်း" မသေသေးဘဲ ဒုက္ခကြီးစွာခံနေရမည်စိုး၍ ခေါင်းကြေသည်အထိ အုတ်ခဲနှင့် အကြိမ်အနည်းငယ် ထပ်ရိုက်လိုက်သည်။ ထို့နောက် မောဟိုက်စွာ အုတ်ခဲကိုပစ်ချလိုက်ပြီး ခွေးသွေးများပေနေသည့်လက်ကို နံရံတွင်သုတ်လိုက်သည်။

ပြီးမှသာ ခေါင်းမော့၍ သူ့ကိုဒုက္ခအပိုထပ်ဆောင်းပေးခဲ့သော ကောင်စုတ်လေးကို ကြည့်နိုင်တော့၏။ သို့ရာတွင် ကျေးဇူးကန်းသည့် ထိုဟာလေးက သူ ခွေးကိုရိုက်နေစဥ်အချိန်အတွင်း စည်သွပ်ဘူးကိုယူကာ ရင်ခွင်ထဲပိုက်ရင်း အငမ်းမရစားနှင့်နေပြီဖြစ်သည်။

ဝေ့ချန်း၏မျက်လုံးများထဲတွင် လူသတ်လိုစိတ်က ထင်ရှားနေ၍ဖြစ်မည်။ ထိုကောင်စုတ်လေးက သိသိသာသာတုန်ယင်သွားပြီး မည်းနက်သည့် မျက်လုံးလေးများနှင့် ဝေ့ချန်းကိုကြည့်လာသည်။ နှုတ်ခမ်းထောင့်မှ စွပ်ပြုတ်ရည်က မတော်တဆစီးကျလာသောအခါ သူက ​အလန့်တကြား လက်ဖြင့်သုတ်လိုက်ပြီး လက်ကိုပြောင်စင်အောင် ပြန်လျက်လိုက်သည်။

ဝေ့ချန်း၏နှလုံးသားထဲတွင် အမည်မဖော်နိုင်သော မီးတောက်က ပို၍တောက်လောင်လာသည်။ ထိုကောင်စုတ်လေး၏ ခေါင်းကို ဆွဲငုံ့ကာ သူစိတ်ကျေနပ်သည်အထိ သူ့ဖိနပ်ကို ပြန်လျက်ပေးခိုင်းချင်မိတော့၏။

ကောင်ငယ်လေးက သူ့မျက်လုံးအကြည့်ကို မြင်သောအခါ စည်သွပ်ဘူးကို လုတော့မည်ဟု ထင်သွားပြီး သတိအနေအထားဖြင့် ချက်ချင်းထ၍ စည်သွပ်ဘူးကိုပိုက်ကာ နံရံထောင့်ကိုကပ်သွားသည်။ ကိုယ်နေဟန်ထားသည်ကား မိမိ၏ပိုင်နက်ကို အသက်စွန့်၍ကာကွယ်နေသည့် သူရဲကောင်းတစ်ယောက်လိုပင်။

ဝေ့ချန်းက ချက်ချင်းဆိုသလို စိတ်ပြေသွားပြီး တွေးလိုက်မိသည်။ ဤမျှလောက်သောအရာလေးကို သူဘာကြောင့်စိတ်တိုနေရပါသနည်း။

သို့နှင့် ပျင်းရိစွာ တံတွေးတစ်ချက်ထွေးလိုက်ပြီး လှည့်ထွက်ခဲ့တော့သည်။

စာမေးပွဲရလဒ်ကို စောင့်နေသည့်ရက်ပိုင်းတွင် ဝေ့ချန်းက အဖိုးတန်လှသည့်ပိတ်ရက်ကို အလဟဿအချိန်မဖြုန်းပေ။ မနက်ပိုင်းတွင် မာကျစ်၊ စန်းဖန့်တို့နှင့်အတူ ဆိုင်ဖွင့်ကာ ညစ်ညမ်းခွေများရောင်းသည်။ ညပိုင်းတွင် ဘိလိယက်ခုံ၌ စောင့်ကြည့်ပေးရသည့်အလုပ်ကိုလုပ်ပြီး တစ်နေ့လျှင် ၁၀ ယွမ်ရ၏။

Brother《大哥》Where stories live. Discover now