အပိုင်း (၁၀) [Uni + Zaw]

28 3 0
                                    

(Unicode)

ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းလာခြင်း

အပိုင်း (၁၀)

Author _ Lee Bora

Translator _ Galene

*******


ဟေးယာ သူ့အိတ်ကပ်တွေကို ရှာလိုက်ပြီး သူရဲကောင်းတွေနဲ့အတူ တိုက်ခိုက်နေတဲ့ ကာဝပ်စစ်သည်တော်ခေါင်းဆောင်၊ အက်တိုကို မေးလိုက်တယ်။

"စီးကရက် တစ်လိပ်လောက် ရှိလား"

"ဘာလို့ အမြဲမရှိတဲ့လူဆီကပဲ လာလာယူနေတာလဲ"

မကျေမနပ် ပြောရင်းနဲ့ပဲ အက်တိုက စီးကရက်တစ်လိပ် ကမ်းပေးလိုက်ရင်း မီးခြစ်တစ်လုံးပါ ငှားပေးလာတယ်။

"မင်းထက် အသက်ပိုကြီးတဲ့ ငါတောင်မှ လပြည့်ညကို မမှတ်မိတော့ဘူး။ လခြမ်းကိုပဲ အမြဲတွေ့ခဲ့ရတာ။ အရင် ဘုရင်မင်းမြတ်ဆုံးသွားပြီးတော့ လုဝန်မှာ ပထမဆုံးလပြည့်တာ မဟုတ်လား"

"ပထမဆုံးအကြိမ်ပဲ"

"လပြည့်ထွက်လာပြီဆိုတော့ ဘုရင်အသစ်က လုဝန်တစ်နေရာရာမှာ ပေါ်လာပြီဆိုတဲ့ အဓိပ္ပာယ်ပဲ"

အက်တိုက ပြောလိုက်ရင်း ဟေးယာကို ကြည့်မိတယ်။

အက်တိုကလည်း တခြားကာဝပ်တွေလိုမျိုးပဲ သူ့ကိုယ်သူ လုဝန်လို့ မသတ်မှတ်ထားဘူး။ ဒါပေမဲ့ ဟေးယာသာ ဘုရင်ဖြစ်ရင် သူ စိတ်ပြောင်းသွားမယ်ဆိုတာတော့ သေချာတယ်။

အက်တိုရဲ့ အသံထဲမှာ စိတ်လှုပ်ရှားမှုကို ခံစားရတာကြောင့် ဟေးယာ ရယ်လိုက်မိတယ်။

"အဲဒီလိုပဲ ဖြစ်မှာပါ"

"အာ၊ မင်းက ဘာလို့ကောင်းကောင်းမဖြေတာလဲ။ ကပ္ပတိန်က ဘုရင့်သွေးသား မဟုတ်ပေမဲ့ မိဖုရားက မွေးခဲ့တာ မဟုတ်ဘူးလား"

"ကျွန်တော်က အဖေ့ရဲ့ သားအစစ်ဖြစ်ရင်တောင် ကျွန်တော့်မှာ အစ်ကိုတစ်ယောက် ရှိသေးတယ်။ ရန်သူရှိတဲ့ပလ္လင်ကို ဘယ်လို တပ်မက်ရမှာလဲ"

သူ့အဖေလို့ ယုံကြည်ပြီး ကြီးပြင်းလာခဲ့တဲ့ အက်စဝါက သူ့စိတ်ထဲမှာ သိမ်ငယ်မှုတွေ အများကြီး ရှိနေတယ်။

သူ့ဒုတိယသားက သူ့သွေးသားမဟုတ်ဘူးလို့ ကြားရတဲ့အခါမှာတော့ သူသိမ်ငယ်မှုက ပိုပြီး ကြီးထွားလာခဲ့တယ်။ ဒါကြောင့်လည်း ဟေးယာကို တွေ့အောင်ရှာပြီး သတ်ပစ်ချင်ခဲ့တာ။

အကယ်၍ တစ်နေ့မှာ ပညာရှိတစ်ဦးရောက်လာပြီး အမှန်တရားကို ဖော်ထုတ်လိုက်ရင် ဘုရင်ကြီးက ဟေးယာမှာ ရှိရှိသမျှကို ယူပြီး သူ့ကို ကွပ်မျက်လိုက်မှာ။

ဒါပေမဲ့ သူရဲကောင်းတွေရော၊ ကာဝပ်တွေရောက ဟေးယာ ထီးနန်းကို မလိုချင်တာက သူ့မျိုးရိုးကြောင့်လို့ ထင်နေကြတယ်။

သူတို့က လပြည့်ဝန်းကြီးထက် ဟေးယာကို ကြည့်ဖို့ ပိုစိတ်ဝင်စားနေတယ်။

သူတို့မျက်လုံးတွေက နို့ဖြူဖြူတွေ ခဲနေသလိုမျိုး ကျန်းမာလှပတဲ့ အသားအရေနဲ့ ခန္ဓာကိုယ်ဆီ အရင်ရောက်သွားပြီးမှ သူ့ပါးစပ်ကို ပိတ်လိုက်တဲ့အခါ မျက်လုံးတွေက ကြော့ရှင်းပြီး တည်ကြည်ခံ့ညားတဲ့ မျက်နှာဆီကို ရောက်သွားကြတော့တယ်။

ဟေးယာ လပြည့်ဝန်းကြီးကို မော့ကြည့်လိုက်ရင်း သူ့ကို ဘုရင်ဖြစ်လာမယ်လို့ မျှော်လင့်ထားကြတဲ့ လူတွေရဲ့ နှလုံးသားကြောင့် ခံစားသွားရတယ်။ ဒါကြောင့် သူ မျက်ရည်တွေကို ထိန်းဖို့ လက်သီးတွေကို ဆုပ်ထားတဲ့ ဒီလန်ကို မေးလိုက်မိတယ်။

"ကောင်လေး၊ နောက်ဆုံးအကြိမ် လပြည့်ခဲ့တာက လွန်ခဲ့တဲ့ ၂၅ နှစ်ကမလား"

"...ကျွန်တော် မသိဘူး"

ဟေးယာ ခပ်ပြတ်ပြတ်အဖြေကြောင့် ရယ်မောလိုက်ပြီးမှ လမင်းကြီးကို တိတ်တဆိတ် ကြည့်နေခဲ့တယ်။

အဲဒီနောက်မှာတော့ အစေခံမိန်းကလေးတစ်ယောက်က သူ့ကုတ်အင်္ကျီနဲ့အတူ ပြေးလာတယ်။

"အား၊ ဇန်နဝါရီပဲ။ ဇန်နဝါရီတောင် ရောက်ပြီကို"

"အာ၊ ကျေးဇူးတင်ပါတယ်"

ဟေးယာက သိပ်မအေးပေမဲ့ သူ့အစေခံတွေနဲ့ လက်အောက်ငယ်သားတွေက အရမ်းစိုးရိမ်နေကြတာကြောင့် သူ့အင်္ကျီကို ယူဝတ်လိုက်ရတယ်။

သောက်ချင်နေတဲ့ သူ့စိတ်ကို သိတာကြောင့် အက်တိုက သူယူလာတဲ့ ခွက်ထဲကို အရက်လောင်းထည့်လိုက်ပြီး ဆိုလာတယ်။

"လပြည့်သွားတာက ကပ္ပတိန်ကြောင့်ပါ။ နောက်သိလာမှာပါ။ သေချာပေါက် ဒီလိုပဲ ဖြစ်မှာ"

သူက သေချာလွန်းနေတာကြောင့် ဟေးယာ အရက်ကို သူ့ပါးစပ်ထဲကိုပဲ မော့ချလိုက်ရင်း ဘာမှပြန်မဖြေဘဲ ကောင်းကင်ကြီးကို မော့ကြည့်မိတယ်။

အေးစက်စက်နဲ့ အဖြူရောင်လဝန်းကြီးက ဆန်းကြယ်မှုတွေ ပြည့်နှက်နေသလိုပဲ။ လကို ဒီလိုကြည့်ပြီးတဲ့အခါမှာတော့ ဟေးယာက မြင်းဇောင်းကို လျှောက်သွားတော့တယ်။

ဒီလန်က သူ့ကုန်းနှီးကို လက်ကကိုင်ရင်း မေးလာတယ်။

"ဘယ်သွားမလို့လဲ"

"အက်ရှာရီမိသားစုဆီကို"

"ဘာသွားလုပ်မလို့လဲ...အာ"

ဒီလန်ရဲ့ မျက်နှာက တောက်ပသွားတယ်။

"ဆေးသွားကုတော့မှာလား"

"အင်း"

လပြည့်ထွက်လာတာက ဘုရင်ဖြစ်မဲ့လူ ပေါ်လာပြီဆိုတဲ့ သဘောပဲ။

ဟေးယာက လကို ကြည့်ရင်း သူဘုရင်ဖြစ်နိုင်မဲ့ မျှော်လင့်ချက်ကို မြင်မိလိမ့်မယ်။ ဒီလန်ကတော့ အဲဒီလိုထင်တယ်။

ဒီလန်က စိတ်လှုပ်ရှားစွာနဲ့ ဆိုလိုက်မိတယ်။

"နည်းလမ်းရှိမှာ သေချာပါတယ်"

"ငါ သိပ်မကြာဘူး။ ပြန်လာခဲ့မယ်"

"ဟုတ်ကဲ့ပါ၊ ကပ္ပတိန်"

ဒီလန် ပြန်ဖြေတုန်းမှာပဲ ဟေးယာက အရှိန်မြှင့်လိုက်ပြီး သူ့မြင်းနဲ့ ထွက်ခွာဖို့ ပြင်တော့တယ်။

ဒီလန် ထွက်သွားတော့မဲ့ ဟေးယာကို လက်ဝှေ့ယမ်းပြလိုက်တယ်။

"အရသာရှိတဲ့ စားစရာတစ်ခုခု ဝယ်ခဲ့ပေး"

ကောင်လေးရဲ့ စကားကို ကြားသွားတဲ့အခါ ဟေးယာ ရယ်မောနေတာကို နောက်ကျောကနေတောင် မြင်နိုင်တယ်။

*******

အိုင်းရစ် ရေခဲထဲကို ကျသွားတာနဲ့ အသိစိတ်ပျောက်မသွားအောင် ကြိုးစားနေခဲ့တယ်။

ဒီမှာသာ မေ့လဲသွားရင် အကုန်ပြီးဆုံးသွားမယ်ဆိုတာ သူသိတယ်။

သူ အစကတည်းက အပူလုံးဝမရှိတဲ့ အေးစက်စက်သီလရှင်ကျောင်းမှာ ကြီးပြင်းလာခဲ့ရတယ်။ မြောက်ဘက်ဂိတ်ကို အသွားမှာ တွေ့ကြုံခဲ့ရတဲ့ အအေးဒဏ်ကလည်း သူ့စိတ်ထဲ ပြန်ပေါ်လာတယ်။

လှိုင်းလုံးတွေကြောင့် သူ့ခေါင်းကို လက်နဲ့ အုပ်ထားရလို့ သူ့လက်နှစ်ဖက်လုံးက ရေခဲပြင်က ရတဲ့ ပွန်းပဲ့ဒဏ်ရာတွေနဲ့ သွေးထွက်နေတယ်။

သူ ကမ်းစပ်ကို ရောက်လာတာ သိပ်မကြာသေးဘူး။

အသက်ရှူလေ့ကျင့်ခန်းကို တစ်ပတ်လောက် လုပ်ထားတာကြောင့် သူ့အဆုတ်စွမ်းရည်က ပိုကောင်းလာတယ်။ ဒါပေမဲ့လည်း ဟောဟဲလိုက်နေတုန်းပဲဆိုတော့ သူ့စိတ်က အဝေးကို လွင့်နေမိတယ်။

လေက ခပ်ကြမ်းကြမ်းတိုက်ခတ်လာတဲ့ အချိန်မှာတော့ အိုင်းရစ် အအေးဒဏ်ပြင်းပြင်းကို ခံစားလိုက်ရတယ်။

ဒါပေမဲ့ သူ နားလို့မရသေးတာကြောင့် ရောက်ချင်တဲ့ ပန်းတိုင်ကို သွားရဦးမယ်။ လေက သူ့တစ်ကိုယ်လုံးကို တိုက်ခတ်နေပေမဲ့ မတတ်နိုင်ဘူးလေ။

နာရီအတော်ကြာလမ်းလျှောက်သွားအပြီးမှာတော့ နေက မြင့်လာခဲ့ပြီ။

မြေကြီးက သူ့တစ်ကိုယ်လုံးကို ရသမျှအားနဲ့ ဆွဲယူနေသလိုပဲ။ မလဲကျသွားအောင် စိတ်ကိုတင်းထားပေမဲ့ အိုင်းရစ် မြေကြီးပေါ်ကို လဲကျသွားတော့တယ်။

လွတ်မြောက်ဖို့က မဖြစ်နိုင်ဘူးလား။

အိုင်းရစ် တွေးနေတဲ့အချိန်မှာပဲ နွေးထွေးမှုက သူ့ကို ထိတွေ့လာတယ်။

သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တဲ့အခါ အဖြူရောင်အမွေးတွေနဲ့ မြေခွေးတစ်ကောင်က အိုင်းရစ်မျက်နှာကို လျှာနဲ့ လျက်နေတယ်။

"အာ၊ မြေခွေးဖြူ..."

မြေခွေးဖြူက အက်ရှာရီမိသားစုရဲ့ သင်္ကေတပဲ။

အိုင်းရစ် အက်ရှာရီမိသားစုရဲ့ နယ်မြေထဲကို ရောက်သွားပြီဆိုတာ သဘောပေါက်သွားမိတယ်။

မြေခွေးဖြူက လူတွေကို ခင်တတ်လို့ ဖြစ်မယ်။ အိုင်းရစ်ရဲ့ မျက်နှာကို ပထမဆုံးအကြိမ်လျက်အပြီးမှာတော့ နွေးထွေးမှုကို ဝေမျှသလို သူ့လက်မောင်းထဲကို ဝင်လာတော့တယ်။

ဒီတိရစ္ဆာန်လေးရဲ့ နွေးထွေးမှုကြောင့် အိုင်းရစ် အသိစိတ်ပြန်ဝင်လာရင်း ထထိုင်လိုက်တယ်။

"ကျေးဇူးတင်ပါတယ်"

အိုင်းရစ်က နှုတ်ဆက်နေတာကို သိသလားတော့ မသိဘူး။ သူ့ရဲ့ စိုရွဲနေတဲ့ တစ်ကိုယ်လုံးကို ဖက်ထားတဲ့ မြေခွေးဖြူက ရေတွေကို ခါနေတယ်။

အဲဒီအချိန်မှာပဲ ခြေသံအချို့ကို ကြားလိုက်ရပြီး အသက် ၇၀ နှစ်အရွယ် အဘိုးကြီးတစ်ယောက် ပေါ်လာခဲ့တယ်။

"မင်းက ဘယ်သူလဲ။ လီပိုမိသားစုက ဖြစ်မဲ့ပုံပဲ။ ဒါပေမဲ့..."

အိုင်းရစ် မြေခွေးဖြူကို ရင်ခွင်ထဲထည့်ထားရင်းနဲ့ပဲ အဘိုးကြီးကို ကြည့်လိုက်မိတယ်။ သူက အက်ရှာရီမိသားစုရဲ့ ခေါင်းဆောင် ရီတီရိုပဲ။

အက်ရှာရီမိသားစုရဲ့ သင်္ကေတက မြေခွေးဖြူ ဖြစ်လာရတဲ့ အကြောင်းရင်းက သူတို့မိသားစုဝင်တွေရဲ့ ကောက်ကျစ်တဲ့ စိတ်သဘောထားကြောင့်ပဲ။

အိုင်းရစ် မှတ်မိသလောက်ဆိုရင် နယ်စပ်မှာ ရှိတဲ့ အက်ရှာရီမိသားစုက စစ်ဖြစ်နေတဲ့ အချိန်မှာတောင် လုဝန်ဘက်ရော၊ ဆိုင်ယာဘက်ကိုပါ တော်တော်ကြာတဲ့အထိ မပါခဲ့ဘူး။

လုဝန်က စစ်ကူတောင်းတဲ့အခါမှာ သူတို့က ဆိုင်ယာတွေအနားမှာ နေနေတာကြောင့် သူတို့တပ်တွေ လွှတ်လွှတ်လိုက်ချင်းပဲ သူတို့အသက်ပါပါသွားမယ်ဆိုပြီး ညည်းညူကြတယ်။ အဲဒီနောက် လုဝန် ရှုံးနိမ့်သွားပြီလို့ ခံစားရတဲ့အခါမှာတော့ သူတို့က လုဝန်ကို တွန်းထုတ်လိုက်တယ်။

ပြီးပြည့်စုံတဲ့ နိုင်ပွဲရဖို့အတွက် သူတို့လက်သည်း၊ ခြေသည်းတွေကို ဖွက်ထားခဲ့ကြတာ။

ဒီလူတွေက နိုင်တဲ့ဘက်မှာပဲ ခြွင်းချက်မရှိ စွဲမြဲနေမဲ့ လူတွေ။ သူတို့အထဲကမှ အိမ်တော်ရဲ့ ခေါင်းဆောင် ရီတီရိုအက်ရှာရီက လိမ္မာပါးနပ်တဲ့ မိသားစုတွေထဲမှာ ပြတ်ပြတ်သားသား သဘောထားရှိတဲ့ လူတစ်ဦးဖြစ်တယ်။

အိုင်းရစ် ရီတီရိုအက်ရှာရီကို ကြည့်လိုက်မိတယ်။

ဒီအချိန်မှာ အက်ရှာရီမိသားစုရဲ့ အာဏာကို ရီတီရိုရဲ့ အကြီးဆုံးသားဖြစ်တဲ့ ဖလိုဒင်အက်ရှာရီဆီကို လွှဲပြောင်းထားလောက်ပြီ။

အခုရီတီရိုအက်ရှာရီက သူ့သားဖြစ်ချင်သလိုပဲ လှုပ်ရှားနိုင်တော့တယ်။

အကြီးဆုံးသမီးဖြစ်တဲ့ ပီယိုနီယာလီပိုက ဘုရင်မဖြစ်တာကြောင့် သူက အဲဒီမှာ အကူအညီတောင်းသွားနိုင်တယ်။ ဒါပေမဲ့လည်း ဟေးယာကို မွေးဖွားခဲ့တယ်ဆိုတဲ့ ကောလာဟလထွက်ထွက်ချင်းပဲ သူ့ရဲ့ လက်ကျန်အာဏာကို ဆုံးရှုံးခဲ့ရတယ်။

အမှန်တော့ လုဝန်ရဲ့ အထက်တန်းလွှာတွေက ပညာရေးကို သိပ်ဂရုမစိုက်ကြဘူး။

ဒီလိုအခြေအနေမျိုးမှာ အက်ရှာရီမိသားစုကပဲ သူတို့ဆက်ခံသူတွေကို မသေခင်အထိ စာလေ့လာခိုင်းတဲ့ တစ်ခုတည်းသော မိသားစုဖြစ်တယ်။

သစ္စာဖောက်တွေ မွေးထုတ်ပြီး ပတ်ဝန်းကျင်က ဖယ်ကြဉ်ခံထားရတဲ့ အက်ရှာရီမိသားစုက ဒီပညာရေးကြောင့်ပဲ ရှင်သန်နိုင်ခဲ့တာလို့ အိုင်းရစ် ထင်မိတယ်။

အိုင်းရစ်က သူ့ကိုပဲ ကြည့်နေပြီး ပြန်မဖြေတော့ အဘိုးကြီးက ထပ်မေးလာတယ်။

"တစ်ခုခု အခက်အခဲဖြစ်လို့လား"

မြေခွေးဖြူလို့ခေါ်တဲ့ အက်ရှာရီမိသားစုရဲ့ ခေါင်းဆောင်က ညလယ်ခေါင်ကြီး ချဉ်းနင်းဝင်ရောက်လာတဲ့ လူကို ယဉ်ကျေးသမှုနဲ့ နှုတ်ဆက်နေရတဲ့ အကြောင်းရင်းက သူက လီပိုမိသားစုဝင်ဖြစ်နိုင်လို့ပဲ။

အိုင်းရစ် သူ့ပါးစပ်ကို ဟလိုက်တယ်။

"ကျွန်မနာမည်က အိုင်းရစ်လီပိုပါ"

"မကြားဖူးတဲ့ နာမည်...အာ"

ရီတီရိုက ပြုံးပြလာတယ်။

"မင်းက စီလီယိုရဲ့ သမီးတော်ပဲ"

ဒီအဘိုးကြီးက သူ့ကို မြင်မြင်ချင်း ဘယ်သူလဲ သိခဲ့တာ သေချာတယ်။ ဒါပေမဲ့ မသိချင်ယောင်ဆောင်နေတဲ့ မြွေဟောက်ကို သူမြင်ရတဲ့အခါမှာတော့ ဟေးယာအက်ရှာရီက သူ့စိတ်ထဲ ပေါ်လာတယ်။

သူလည်း ဒီလိုမျိုးပဲ။ ဒီလိုပုံစံမျိုးက ဘယ်ကလာတယ်ဆိုတာ သူသိသွားပြီ။

ရီတီရိုက သူ့နောက်ကို လိုက်လာတဲ့ အိမ်တော်ထိန်းဘက်ကို အချက်ပြလိုက်တယ်။ အဲဒါပြီးတော့ သိပ်မကြာခင်မှာပဲ အိမ်တော်ထိန်းကြီးက စောင်တွေ ယူလာပြီး မီးစမွှေးတော့တယ်။

ရှင်ဘုရင်တစ်ပါးပေါ်ထွန်းလာခြင်း {ဘာသာပြန်}Where stories live. Discover now