အပိုင်း (၂၁) [Uni + Zaw]

29 1 0
                                    

(Unicode)

ရှင်ဘုရင်တစ်ပါးပေါ်ထွန်းလာခြင်း

အပိုင်း (၂၁)

Author _ Lee Bora

Translator _ Galene

*******


အိုင်းရစ်တို့ ဂယက်ရိုက်ပြီးကြမှ မြို့စောင့်တပ်ဆီရွှေ့ဖို့ သူတို့ပစ္စည်းတွေကို သိမ်းဆည်းခဲ့ကြတယ်။

သူ့မှာ အစကတည်းက အိတ်နည်းနည်းပဲ ပါလာတယ်။ ဟေးယာကလည်း အိုင်းရစ်ရဲ့ပစ္စည်းတွေကို ဂရုစိုက်ဖို့ ဟိုတယ်မှာ အလုပ်လုပ်တဲ့လူတွေကို ပိုက်ဆံပေးထားတယ်။ ဒါကြောင့် သူ့မှာ လုပ်စရာမရှိဘဲ ဖြစ်နေတယ်။

သူ ဟောခန်းက ထွက်လာတဲ့အခါမှာ ဟေးယာက ထွက်ခွာဖို့ ပြင်ဆင်ပြီးတဲ့ ပုံပေါ်တာကြောင့် သူ ဟေးယာကို အရင်နှုတ်ဆက်လိုက်မိတယ်။

"အစောကအတွက် ကျေးဇူးပါ"

အဲဒီနောက်မှာ ဟေးယာက သူ့နားကို ရေဝင်သွားသလို လက်နဲ့ ရိုက်နေတယ်။

"တော်တော်အဆဲခံခဲ့ရတာပဲ။ အခုတောင် အဆဲခံနေရသလိုပဲ"

"ကိုယ့်ထက် အဆင့်ကြီးတဲ့လူကို လေးလေးစားစားမဆက်ဆံကြဘူးလား"

အိုင်းရစ် မေးလိုက်တယ်။

တီးဂျာသူရဲကောင်းတွေက ရင်းနှီးကြတယ်ဆိုပေမဲ့ အဖွဲ့တွေမှာဆိုရင် ထိပ်ဆုံးနဲ့ အောက်ဆုံးက တော်တော်ထင်သာမြင်သာရှိတယ်လေ။

ဟေးယာက ပြန်ဖြေလာတယ်။

"ဆက်ဆံကြပါတယ်"

"ဒါပေမဲ့..."

အိုင်းရစ် သံသယဖြစ်သလို ရပ်တန့်လိုက်တာကြောင့် ဟေးယာက ပြောလာခဲ့တယ်။

"ဒါက အဆင့်တွေနဲ့ မဆိုင်ဘူး။ ငါက မင်းကို နာကျင်အောင်လုပ်ရင် ငါပဲ ဒုက္ခရောက်ရမှာ မဟုတ်ဘူးလား"

"ဒါပေမဲ့ ကျွန်မ ရှင့်ကို ကစားနေတယ်လို့ သူတို့ထင်နေကြတုန်းက စိတ်ပူနေကြတဲ့ပုံပဲ"

"မင်းသာ ငါ့ကို ကစားရင် ငါက ဘယ်လောက်နာကျင်နိုင်မှာမလို့လဲ။ သေချာတာက ငါ့နှလုံးသားက နာတော့ နာကျင်နေမှာပေါ့"

ဟေးယာက အသည်းကွဲတဲ့ပုံစံကို ပုံကြီးချဲ့သရုပ်ဆောင်ရင်း ရယ်မောလိုက်တယ်။

အိုင်းရစ် တီးဂျာသူရဲကောင်းတွေရဲ့ စိတ်နေစိတ်ထားကို သတိရသွားလို့ ဖြစ်လိမ့်မယ်၊ ဒီအုပ်စုနဲ့ သုံးလလောက် ခရီးဝေးသွားရတာက သူ့ကို စိတ်မပူစေခဲ့ဘူး။

သူတွေးနေတဲ့အချိန်မှာပဲ ဒီလန်က သူတို့ရှိတဲ့ တံခါးနားကို အပြေးရောက်လာတယ်။

"ကပ္ပတိန်၊ ဧည့်သည်တစ်ယောက် ရောက်လာပါတယ်"

ယာယီတည်းခိုခန်းကို ဧည့်သည်တစ်ယောက်လာလည်တယ်ဆိုတာ သတင်းကောင်းတော့ မဖြစ်နိုင်ဘူး။

ဟေးယာ အိုင်းရစ်ကို ဆိုလိုက်မိတယ်။

"အခုလောလောဆယ် ဒီမှာ ခဏနေဦး"

သူက ပြောလိုက်ပြီး အခန်းထဲက ထွက်သွားခဲ့တယ်။

အိုင်းရစ် ပြတင်းပေါက်နားကို သွားလိုက်ရင်း စိတ်မသက်မသာမျက်နှာနဲ့ ငေးကြည့်လိုက်မိတဲ့အခါ ဒီလန်က သူ့ခေါင်းကို စောင်းလိုက်ပြီး သူ့နောက်ကို လိုက်လာတယ်။

"တစ်ခုခု စိတ်ပူနေတာ ရှိလို့လား"

"အန္တရာယ်များလိမ့်မယ် ထင်တယ်"

"ကပ္ပတိန်လား။ အာ၊ တစ်ခါမှ အဲဒီလို မဖြစ်ဖူးဘူး။ ကပ္ပတိန်က ဒီလောက်သန်မာတာကို"

"ဒါပေမဲ့ သူက ဒဏ်ရာရထားတယ်လေ"

အိုင်းရစ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ဒီလန်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားတယ်။ သူက ဟေးယာကို ပြုစုစောင့်ရှောက်ပေးရပြီး ဒဏ်ရာအကြောင်းကို သိတဲ့ တစ်ယောက်တည်းသောသူဖြစ်တာကြောင့်ပဲ။

"မင်းသမီးကလည်း ဒီအကြောင်းကို သိတာလား"

"ဟုတ်တယ်။ ငါတို့ နှစ်ယောက်ပဲ သိတာ ဖြစ်နိုင်တယ်"

အိုင်းရစ် အဲဒီစကားကို ပြောပြောလိုက်ချင်းမှာပဲ ဒီလန်ရဲ့နှုတ်ခမ်းတွေက တုန်ခါလာပြီး သူ့ရဲ့ မျက်လုံးဝိုင်းကြီးကနေ မျက်ရည်တွေစီးကျလာခဲ့တယ်။

ဟေးယာ သေတော့မယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို သိမ်းဆည်းထားရတာက ဒီ ၁၃ နှစ်အရွယ်တင်မကဘဲ အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် ဆိုရင်တောင် ဝန်ထုပ်ဝန်ပိုးပဲ။

ဒီလန် စိတ်ဖိစီးနေတာကို သတိထားမိတဲ့ အိုင်းရစ်က သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်မိတယ်။

"မင်း တော်တော်ပင်ပန်းခဲ့မှာပဲ"

"ကျွန်တော်လည်း အကောင်းဆုံးကြိုးစားတာပဲ...အကောင်းဆုံး ကြိုးစားပြီး ဆေးလိမ်းပေးခဲ့ပေမဲ့ ဒဏ်ရာက...ပိုပြီး ကြီးကြီးလာတယ်..."

သူ့အရှေ့က လူက သူ့အတွေးတွေကို နားလည်တာကြောင့် ဒီလန် ဝမ်းနည်းပူဆွေးမှုတွေနဲ့ စကားကို ဆက်ပြောလိုက်တယ်။

တစ်ချိန်တည်းမှာပဲ အပြင်ဘက်က စကားပြောနေတာ ပြီးဆုံးသွားခဲ့ပြီး ဟေးယာက တတိယထပ်ကို တက်လာခဲ့တယ်။

သူက ငိုနေတဲ့ ဒီလန်နဲ့ နှစ်သိမ့်နေတဲ့ အိုင်းရစ်ကို တစ်လှည့်စီ ကြည့်ရင်း မေးလာတယ်။

"တစ်မိနစ်အတွင်းမှာ မင်းက ကလေးကို ငိုအောင် လုပ်လိုက်တာလား"

အိုင်းရစ်က ဟေးယာကို မျက်စောင်းထိုးလိုက်တဲ့အခါ ဒီလန်က လက်ညှိုးထိုးရင်း အော်ဟစ်လာခဲ့တယ်။

"ကပ္ပတိန် လုပ်ခဲ့တာကို ဖုံးကွယ်မနေပါနဲ့"

"မင်းက ဘာဖြစ်နေတာလဲ။ ပုံမှန်ဆို ငါ့အပေါ် ကောင်းတယ် မဟုတ်ဘူးလား"

"ကောင်းလည်း ဘာထူးလို့လဲ။ ကပ္ပတိန်က အတွင်းထဲမှာ ပုပ်နေတာကို"

"ငါက အတွင်းထဲမှာ ပုပ်နေတယ်ဟုတ်လား။ မင်း ငါ့ကို တော်တော်ဒေါသထွက်နေတာပဲ"

ဟေးယာ မပျော်မရွှင်ဖြစ်ရပေမဲ့ သူတို့ပုံစံအရ သူက တစ်ခုခုအမှားလုပ်ထားတဲ့ပုံစံပဲ။

"ဒီနေ့က ငါဘာလုပ်လုပ် ငါ့အပြစ်ပဲလား"

ဟေးယာက ညည်းတွားရင်း လမ်းလျှောက်လာပြီးမှ ဒီလန်ကို လက်တစ်ဖက်နဲ့ ဖက်လိုက်ပြီး ကျောကို ပုတ်ပေးနေတယ်။ အဲဒီနောက်မှာတော့ သူ ဘာလို့ငိုနေတဲ့အကြောင်း အိုင်းရစ်ကို မေးလိုက်မိတဲ့အခါ သူက ဟေးယာအနာကို လက်ညှိုးထိုးပြတယ်။

အဲဒီအခါမှ ဟေးယာ အခြေအနေကို နားလည်သွားရပြီး 'အာ' လို့ ခေါင်းညိတ်ပြမိတယ်။ အဲဒီနောက်မှာမှ သူက ဒီလန်ကို လက်တစ်ဖက်နဲ့ ဒီလန်ကို အငိုတိတ်သွားအောင် ပုတ်နေရင်း အိုင်းရစ်ကို လှမ်းပြောလာတယ်။

"ဆစ် လွှတ်လိုက်တဲ့ လူတွေ"

အိုင်းရစ် ထင်ထားတဲ့အတိုင်းပါပဲ။

အိုင်းရစ် မေးလိုက်မိတယ်။

"သူတို့က ဘာပြောလို့လဲ"

"အဲဒါက..."

ဟေးယာက ရှက်ရွံနေတဲ့ ပုံပဲ။ ပြီးမှ ပြန်ဖြေလာခဲ့တယ်။

"ငါတို့က ဘယ်တော့မှ လက်ထပ်လို့ ရမှာမဟုတ်ဘူးတဲ့။ တော်ဝင်မိသားစုတစ်ခုလုံးက ဆန့်ကျင်ကြတယ်လို့ ပြောတယ်"

"...ဘာကြီး"

"ဆစ်ရဲ့ မျက်လုံးထဲမှာ ငါတို့က အချစ်ကြောင့် ထွက်ပြေးနေကြတယ်လို့ ထင်ကြတဲ့ပုံပဲ"

ဟေးယာရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ထပ်ခါထပ်ခါ စဉ်းစားနေမိတဲ့ အိုင်းရစ်တစ်ယောက် အခြေအနေကို ချက်ကျလက်ချကြည့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူ့ခေါင်းကို အေးအေးထားလိုက်ပြီး သေချာတွေးကြည့်လိုက်တဲ့အခါမှာ အဲဒါက အဓိပ္ပာယ်မရှိတာတော့ မဟုတ်ဘူး။ အိုင်းရစ်က လက်ထပ်တာကို ဒီလောက်ဆန့်ကျင်နေပြီး တစ်ချိန်တည်းမှာပဲ ဟေးယာကို ကုသပေးနေရင်း သူ့ရဲ့ ကာကွယ်ပေးတာကို ခံနေရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်မိသားစုက ဟေးယာနဲ့ အိုင်းရစ် တစ်ခါမှ ကြံတောင်မကြံဖူးတဲ့ အရာကို ဆန့်ကျင်လာတဲ့အခါ သူတို့မျက်နှာပေါ်မှာ ရယ်ချင်သလို အရိပ်အယောင်တွေ ပေါ်လာတယ်။

တစ်ခါမှ ဒီလောက်မငိုဖူးတဲ့ ဒီလန်ရဲ့ငိုသံကြောင့် ဟေးယာ အာရုံထွေပြားသွားရရင်း ပြောလိုက်မိတယ်။

"ငါ ဖြေဆေးရော၊ ကုသဖို့နည်းလမ်းရော တွေ့သွားပြီ။ အဲဒီအကြောင်း စိတ်မပူနေနဲ့တော့"

"ဘာ"

"နှေးတယ်ဆိုပေမဲ့ ငါအခု သက်သာလာနေပြီ"

ဟေးယာရဲ့စကားကြောင့် ဒီလန် အိုင်းရစ်ကို ကြည့်လိုက်မိတယ်။ သူလည်း ပြုံးပြလိုက်တယ်။

ဒီလန်ရဲ့ မျက်နှာက ဖြည်းဖြည်းချင်း တောက်ပလာခဲ့တယ်။ အဲဒီနောက်မှ သူက အိုင်းရစ်ကို မေးလာတယ်။

"မင်းသမီးက ဖြေ‌ဆေးကို သိလို့ ကျွန်တော်တို့ဆီ ရောက်လာတာလား"

"ဟုတ်တယ်"

"သိပါပြီ။ ကျွန်တော်က မသိဘဲ အချစ်ကြောင့် ခိုးရာလိုက်ပြေးကြတယ် ထင်လို့။ အထင်လွဲမိလို့ တောင်းပန်ပါတယ်"

အဲဒီလိုပြောပြီးတာနဲ့ ဒီလန်က ချက်ချင်း စိတ်သက်သာရာရသွားပြီး အခြားလူတွေ ရှိတဲ့နေရာကို သွားတော့တယ်။

သူနဲ့အတူ ထွက်သွားဖို့ ပြင်နေတဲ့ ဟေးယာကို အိုင်းရစ် ဆွဲထားလိုက်တယ်။

သူတတ်နိုင်သလောက် တင်းတင်းဆုပ်ကိုင်လိုက်မိတယ်။ သူ့အားစိုက်ထုတ်ထားတာကို ဟေးယာက သတိထားမိတာကြောင့် ရပ်တန့်လိုက်ပြီး သူ့ကို ပြန်ကြည့်လာတယ်။

အိုင်းရစ် ဆိုလိုက်မိတယ်။

"ဒဏ်ရာသက်သာသွားရင် တော်တော်များများ ပြောင်းလဲသွားလိမ့်မယ်"

ဟေးယာက သူ့စကားကို အပြုံးတစ်ပွင့်နဲ့ ပြန်တုံ့ပြန်လာတယ်။ သူ ထွက်သွားဖို့ ပြင်နေတဲ့အချိန်မှာပဲ အိုင်းရစ် ထပ်တားလိုက်မိရင်း ဆိုလိုက်မိတယ်။

"တွေးစရာတွေ အများကြီး ရှိလာလိမ့်မယ်"

"အိုင်းရစ်"

ဟေးယာက ပြက်လုံးတစ်ခုမဟုတ်တဲ့ စကားကို ပြောရမှာ ခက်နေသလို သူ့လည်ပင်းကို ပွတ်လိုက်ပြီး ဆက်ပြောလာတယ်။

"ငါ့ကို မျှော်လင့်ချက်တွေ သိပ်မပေးနဲ့။ ငါ့မှာ အနာဂတ်အတွက် အစီအစဉ်တွေရှိရင်တောင် သက်သာလာတာ သေချာမှ လုပ်ချင်တယ်"

သူ ဒဏ်ရာအကြောင်း မပြောချင်တာကို အိုင်းရစ်သိတာကြောင့် ခေါင်းညိတ်ပြလိုက်မိတယ်။ သူမကြိုက်တဲ့ စကားခေါင်းစဉ်ကို အိုင်းရစ်လည်း အတင်းအကျပ်ကြီး မပြောချင်ဘူး။

"နားလည်ပါပြီ။ ကျွန်မ ထပ်မပြောတော့ဘူး"

သူတို့နှစ်ယောက်ကြား စကားစက ဒီမှာ အဆုံးသတ်သွားခဲ့ပြီး ကျန်လူတွေကလည်း ထွက်ခွာဖို့ အသင့်ဖြစ်နေကြပြီ။

မနေ့က အိုင်းရစ်သွားခဲ့တဲ့ အဲဗားဟက်ရဲ့ လားရာဘက်ကို သူတို့ ဦးတည်နေကြတယ်။ တောင်ပိုင်းနဲ့ အနီးဆုံးလမ်းက အဲဗားဟက်ကို ဖြတ်သွားပြီး ဟောရဲ့ဂျုံခင်းတွေအကျော်မှာ တည်ရှိတယ်။

သူတို့တောင်ပိုင်းကို သွားကြတဲ့အချိန် အပူချိန်က တဖြည်းဖြည်းမြင့်တက်လာသလို ခံစားရတယ်။ အိုင်းရစ် ဆူညံနေတဲ့ အဲဗားဟက်နယ်မြေကို ဖြတ်ကျော်ရင်း ဟောမိသားစုရဲ့ နယ်မြေဖြစ်တဲ့ ဂျုံခင်းတွေဘက်ကို ရောက်လာခဲ့တဲ့ အချိန်မှာ လွင်ပြင်ကျယ်ကြီးကို မြင်လိုက်ရတယ်။

ဘုရားကျောင်းကနေ မြို့တော်ကို သွားတဲ့လမ်းမှာလည်း လွင်ပြင်တွေရှိပေမဲ့ လယ်စိုက်ဖို့ကျ မသင့်တော်ဘူး။ ဒါပေမဲ့ သူ ဟောမိသားစုရဲ့နယ်မြေထဲကို ရောက်သွားတဲ့အခါကျ မြေက အသက်ဝင်လာသလိုပဲ။

အိုင်းရစ် အကြည့်မလွှဲနိုင်ဖြစ်နေတဲ့အချိန်မှာပဲ ဟောမိသားစုအလံကို ကိုင်ဆောင်ထားတဲ့ မြင်းစီးသူရဲတစ်ယောက်က သူတို့ဆီကို အပြေးရောက်လာတယ်။

သိပ်မကြာခင်မှာပဲ မြင်းစီးသူရဲက ရပ်တန့်လိုက်ရင်း မြင်းပေါ်က ခုန်ဆင်းလိုက်ပြီးမှ ဒူးတစ်ဖက်ကို ထောက်ချတယ်။

"ဟောမိသားစုရဲ့ အကြီးအကဲ အရှင်ဆန်ဒရာဟောရဲ့ အမိန့်အရ လာခဲ့တာပါ"

"ဘာဖြစ်လို့လဲ"

ဟန်းနက်က မြင်းနဲ့ သူရဲကောင်းတွေအရှေ့ ထွက်လာခဲ့တယ်။

အဲဒီနောက်မှ မြင်းစီးသူရဲက ပြန်ဖြေလာတယ်။

"ကျွန်တော်တို့အရှင်က မင်းသမီးအိုင်းရစ်ကို ဟောမိသားစုနယ်မြေက ထွက်သွားစေချင်နေပါတယ်"

"ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ဒီလမ်းက လူတိုင်းသုံးလို့ရတဲ့ လမ်းမဟုတ်ဘူးလား"

"ကျွန်တော်တို့အရှင်က အဲဒါကို နားလည်ပါတယ်။ အကြောင်းပြချက်တော့ မပေးလိုက်ပါဘူး"

ဒီအခြေအနေမှာ အရှက်ရဆုံးကတော့ အိုင်းရစ်ပဲ။

သူ မြင်းစီးသူရဲကို မေးလိုက်တယ်။

"အကြောင်းပြချက်တောင် မပြောလိုက်ဘူးလား"

"တောင်းပန်ပါတယ်"

သူ မြင်းစီးသူရဲကို မေးရင်တောင် အဖြေရနိုင်တဲ့ အခြေအနေ မဟုတ်ဘူး။

အန်နာမာရီယာက ဟေးယာကို မေးလာခဲ့တယ်။

"ကျွန်မတို့ ဟောမိသားစုကို တိုက်ခိုက်သင့်လား"

ရှင်ဘုရင်တစ်ပါးပေါ်ထွန်းလာခြင်း {ဘာသာပြန်}Tempat cerita menjadi hidup. Temukan sekarang