(ch 10)

1.9K 71 3
                                    

"ဟေ့ ဒီမှာ!"

ရုတ်တရက် အနောက်ကနေခေါ်လိုက်တဲ့အသံကြောင့် မိုးမခ လှည့်ကြည့်လိုက်သည်။ ကျောင်းမှာ သူငယ်ချင်းမရှိတဲ့သူ့ကို ဘယ်သူကများခေါ်လိုက်ပါလိမ့်။ ကျောင်းဆင်းချိန်ဖြစ်လို့ တခြားတစ်ယောက်ကိုများခေါ်တာကို သူအထင်မှားနေတာများလား။

မိုးမခဟိုကြည့် ဒီကြည့်လုပ်နေတုန်း သူ့နားကိုကောင်လေးတစ်ယောက်ရောက်လာသည်။ ဒီကောင်လေးက သူတို့အတန်းထဲက အတန်းဖော်မှန်းတော့သူသိပေမယ့် နာမည်ကိုတော့မသိ။မိုးမခကျောင်းကိုရောက်ရင် စာသင်ချိန်မှာ စာသင်၊ ထမင်းစားချိန်မှာ ထမင်းစားတာကလွဲလို့ ကျန်တာ ဘာမှမလုပ်။ သူငယ်ချင်းလည်း မရှိသလို သူ့ကိုလည်းဘယ်သူကမှ လာမပေါင်းရဲ။

မိုးမခကိုဘယ်သူကမှ စကားကိုမပြောရဲတာပါ။ လူတိုင်းက မိုးမခကို ဝေးဝေးကရှောင်ကြသည်။မိုးမခငယ်ငယ်က ကောင်မလေးတစ်ယောက်က သူ့ရဲ့လွယ်အိပ်ကိုလွှင့်ပစ်ပြီး အနိုင်ကျင့်ဖူးသည်။ အဲ့ကိစ္စကို ဘယ်ကနေဘယ်လို သီဟ သိသွားလည်း မသိ နောက်နေ့ အဲ့ကောင်မလေး ကျောင်းက ပြောင်းသွားရပြီး သူ့မိဘတွေရဲ့စီးပွားရေးတွေလည်း အကုန်ဆုံးရုံးလိုက်ရတဲ့အထိ သီဟက လုပ်ပစ်လိုက်တာကြောင့် ကလေးတွေရဲ့မိဘတွေကလည်း သူတို့ကလေးတွေကို မိုးမခနဲ့ ဝေးဝေးကနေဖို့မှာကြသလို ကလေးတွေကလည်း မိုးမခရဲ့ဘေးမှာရှိတဲ့ Bodyguard တွေကိုကြောက်ပြီး သူ့အနားမကပ်ရဲတော့တာ မိုးမခ 10 တန်းအထိပင်ဖြစ်သည်။

အဲ့နေ့က မိုးမခ ကိုယ်တိုင်ကလည်း သီဟက အနိုင်ကျင့်ခံလာရကောင်းမလားဆိုပြီး တော်တော်လေးရိုက်လိုက်တာကြောင့် ဘယ်သူနဲ့မှထပ်ပြီး မပေါင်းရဲတော့။ သီဟက မိုးမခရဲ့မိဘတွေ သေဆုံးပြီး အုပ်ထိန်းသူဖြစ်လာကတည်းက မိုးမခကို body guard တွေနဲ့ထားတာ ဘာကြောင့်မှန်းသေချာမသိပေမယ့် သူထွက်ပြေးလို့မရအောင်လုပ်ထားမှန်းတော့သိပါတယ်။

"မင်းက မိုးမခ မလား?"

ကောင်လေးက မိုးမခကို ပြုံးပြပြီးနှုတ်ဆက်သည်။ ဒီကောင်လေးက အတော်အတန်ချောပြီးကြည့်ကောင်းတဲ့ထဲမှာပါပြီး အတန်းထဲကကောင်မလေးတွေထဲက တချို့ကလည်း သူ့ကိုကြိုက်နေကြတယ်လို့ ပြောတာ မိုးမခကြားဖူးသည်။ဒါပေမယ့် မိုးမခအတွက်ကတော့ နေရှိုင်းကလွဲရင် ဘယ်သူ့ကိုမှမမြင်ပါ။

သူ စေလိုရာ (As Your Wish)Where stories live. Discover now