Part-6

244 17 30
                                    

ဆွန်းဟန် ည​နေအတန်းချိန်ပြီးတော့ ကျောင်းရှေ့လေးက အေးချမ်းဆိတ်ငြိမ်တဲ့Coffeeဆိုင်မှာထိုင်ဖြစ်သည်...သူ့ရှေ့က အကိုအွန်းဆော့က ဖုန်းကြည့်နေပေမယ့် ဆွန်းဟန်ကတော့ ဖုန်းကြည့်နေတဲ့အကို့ကိုသာ ပြန်ထိုင်ကြည့်လို့နေမိသည်။

အွန်း​ဆော့ ပန်းချီလေ့ကျင့်ဖို့ ပစ္စည်းတွေအစုံ ပါခဲ့ပေမယ့် ဆွဲချင်တဲ့စိတ် ရှိမနေတာကြောင့် ဖုန်းသာသုံးနေမိသည်။ သူ့ရှေ့တွင်ထိုင်နေသော ကောင်လေးကို ဂရုမစိုက်စွာပဲ သူ့စိတ်အစုံတို့ကို ဖုန်းဆီ နှစ်မြှုပ်ထားလိုက်သည်။

အိမ်ပြန်လမ်းမှာ အရင်လို ဆွန်းဟန် တစ်ယောက်ထဲမဟုတ် သူ့ဘေးက အကိုအွန်းဆော့လည်း ပါလာသည်။

အကို့ရဲ့ ရဲတင်းလှတဲ့ အိပ်ကြည့်ချင်လား ဆိုတဲ့ စာတိုလေးကြောင့် အကို့ကို လက်ခံမယ်ပြောပြီး ကော်ဖီဆိုင်ကတစ်ဆင့် ထပ်ခေါ်လာခဲ့တာက သူ့ရဲ့တိုက်ခန်းဆီကို ။

မိဘတွေက နိုင်ငံခြားမှာ ကုမ္ပဏီတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ဆွန်းဟန်က အဒေါ်ဖြစ်သူနဲ့ Koreaမှာ ကျန်နေခဲ့ရသည်။

အဒေါ်ဖြစ်သူကလည်း အိမ်ထောင်သည် ဖြစ်တာကြောင့် ဆွန်းဟန်ကို လွတ်လွတ်လပ်လပ် ဖြစ်အောင် သီးသန့်တိုက်ခန်းတစ်ခန်း ဝယ်ပေးထားသည်။

''2102003''

တံခါးရဲ့ လျှို့ဝှက်နံပါတ်နှိပ်နေရင်းက ပြောလာတဲ့ကောင်လေးကြောင့် အွန်းဆော့ ထိုကောင်လေးကို ထပ်ကြည့်လိုက်သည်..။

''ကျွန်တော့်အခန်းရဲ့ လျှို့ဝှက်နံပါတ် နှစ်ရာ့တစ်ဆယ် နှစ်ထောင့်သုံးလို့ ''

*အခန်းရဲ့လျှို့ဝှက်နံပါတ်ကို ပြောပြတယ်ဆိုတော့..ဘာလည်း အမြဲတမ်းလာဖို့ ကမ်းလှမ်း​နေတာလား။*

အခန်းက လူငယ်တစ်ယောက်တည်းနေမှန်း သိသာသည်။ ဧည့်ခန်းခုံပေါ်မှာလည်း ရှင်းလင်းနေပြီး တဆက်တည်း မြင်နေရတဲ့ မီးဖိုခန်းရဲ့ ဘေစင်ထဲမှာလည်း ဆေးစရာပန်းကန်တွေက ပြည့်လို့နေသည်။

''လူကြည့်တော့ သန့်သန့်ကလေးနဲ့ မင်းဘယ်လိုတောင်ညစ်ပတ်တာ ''

အကိုက ဘေစင်ထဲက ပန်းကန်တွေကိုကြည့်ပြီး ပြောနေတာမှန်းသိပေမယ့် ဆွန်းဟန်ဂရုမစိုက်ပဲ လွယ်ထားတဲ့ကျောပိုးအိတ်ကို ဆိုဖာပေါ် ပစ်ချလိုက်ပြီး လွယ်အိတ်ထဲက တစ်ခုခုကို အသဲအသန်ရှာလို့နေသည်။

Our Memories Where stories live. Discover now