133-တစ္ဆေဘုရင်အား ရိပ်စားမိ၍ ကျီစယ်ခြင်း

544 77 3
                                    

|| တစ္ဆေဘုရင်အား ရိပ်စားမိ၍ ကျီစယ်ခြင်း [ အပိုင်း ၁ ] ||

အစကတော့ မသင်္ကာတဲ့ တစ္ဆေဝတ်ရုံတွေကို ဆက်ထိန်းသိမ်းထားပြီး သူဟာသူ စေ့စေ့စပ်စပ် ထပ်မံ စစ်ဆေးဖို့ စီစဉ်ထားခဲ့ပေမဲ့ မထင်မှတ်ဘဲ လင်းဝမ်ရဲ့ ပေါ့ပေါ့တန်တန် မှတ်ချက်တစ်ခုက သူ့ကို သူမရဲ့ အလိမ်အညာတွေထဲက ကြီးမားတဲ့ အမှားကို ဖမ်းဆုတ်မိစေတာဖြစ်တယ် ။ အဲဒီ တဒင်္ဂမှာ ရှဲ့လျန်ဟာ သူ့ပရိယာယ်ကို ခံယူ ၊ ကိုယ့်ပရိယာယ်ကို ကျင့်သုံးရင်း လမ်းကြောင်းအတိုင်းဆက်လိုက်သွားပြီး ဥပါယ်တံမျဉ်နဲ့ လှည့်စားလိုက်တယ် ။ အဆုံးမှာတော့ သူဟာ အမှန်တကယ်ပဲ လင်းဝမ်ရဲ့ ချပ်ဝတ်တန်ဆာ အကာအရံကို ဖွင့်ထုတ်ပစ်လိုက်နိုင်တော့တယ် ။

လင်းဝမ်က နေရာတင် အေးခဲတောင့်တင်းစွာ ရပ်နေတယ် ။ ရှဲ့လျန်က ပြောတယ် ။

" ဒါပေါ့ ... သင်ဝန်မခံလည်း ရပါတယ် .. ဒါပေမဲ့ အစစ်လား အတုလား သိဖို့က လွယ်လွယ်လေး .. ကျွန်ုပ်အခုပဲ အဲဒီအင်္ကျီကို ရှန်ဝူနန်းဆောင်ဆီယူသွားပြီး အရှင် ဧကရာဇ်ရှေ့မှောက်မှာ အသွင် တစ်မျိုးမျိုး ပြောင်းစေပြီးတော့ ဘယ်လိုပုံစံပြောင်းသွားလဲ သင်မြင်လား မမြင်ဘူးလား ထပ်မေးလိုက်ရင် ရေကျတဲ့အခါ ကျောက်ဆောင်ပေါ်လာသလို ရှင်းရှင်းလင်းလင်း ဖြစ်သွားမှာပဲလေ "

အဲဒီ အမတ ကျင်ခပ်အင်္ကျီဟာ ယခင် လူ့ပြည်မှာ လေလွင့်နေခဲ့ချိန်က လူငါးရာကျော်ရဲ့ သွေးကို စုပ်ခဲ့ပြီး အင်မတန် ဆိုးရွားတဲ့ မနှစ်မြို့စရာ အရာဝတ္တုဖြစ်ခဲ့တယ် ။ အကယ်၍ လင်းဝမ်က ရှန်ဝူနန်းဆောင်ထဲ ချိုးဖျက်ဝင်ရောက်ကာ ကျင်ခပ်အင်္ကျီကို ခိုးယူခဲ့ရုံသာဖြစ်ပြီး ၎င်းကို အသုံးချကာ တစ်ပါးသူတွေကို အန္တရာယ်ပြုဖို့ အချိန်မမှီခဲ့ရင် ဒါဟာ ခွင့်မလွှတ်နိုင်စရာ ကြီးမားလွန်းတဲ့ ပြစ်မှုမျိုး မဟုတ်ဘူး ။ ဒါပေမဲ့ လင်းဝမ်ဟာ ဦးစွာ လက်ထောက်နတ်အရာရှိအဖြစ် ခန့်အပ်ခံခဲ့ရပြီး နောက်မှ နတ်ဘုရားမအဖြစ် ကောင်းကင်ဘုံသို့ တက်လှမ်းခဲ့တာဖြစ်တယ် ။ အမတ ကျင်ခပ်အင်္ကျီရဲ့ ဒဏ္ဍာရီပုံပြင် ပါးစပ်ပြော ရာဇဝင်တွေ အစောဆုံး ပေါ်ပေါက်လာခဲ့တဲ့ အချိန်ကာလတွေမှာ လင်းဝမ်ဟာ လက်ထောက် နတ်အရာရှိအဖြစ် ခန့်အပ်ခံရပြီးခဲ့တာ ကြာကြာလှပြီ ။

ထျန်းကွမ်းစစ်ဖူ (volume 3 Unicode)Tahanan ng mga kuwento. Tumuklas ngayon