(၃) Zawgyi

4 0 0
                                    

"မြကြိုင်ရေ.."

"အနု ဝင်ခဲ့လေ"

မနက်စောစော ပန်းသီနေတဲ့ မြကြိုင်က သူငယ်ချင်း ဖြစ်တဲ့ နုနုကို လှမ်းခေါ်တယ်။ နုနုက မြကြိုင်ရဲ့ အနားမှာ ထိုင်လိုက်ရင်း ကြက်ဥတွေ ပါလာတဲ့ဈေးခြင်းတောင်းကို ဖြည်းဖြည်းလေးချတယ်။

"ရေသောက်မလား အနု"

နုနု က ခေါင်းခါတယ်။ပြီးတော့ မြကြိုင်ကို ကြည့်တယ်။

"ရွာကိုလေ ဆရာအသစ်ရောက်မယ်တဲ့"

"အေး"

မြကြိုင်ဟာ သိပ်ပြီး စိတ်ဝင်စားတဲ့ပုံစံမပြဘူး၊ သူ့ စံပယ်ပန်းကို နမ်းကြည့်လိုက်၊ သီလိုက်လုပ်နေတယ်။

"ရွာလူကြီးက မနေ့က ငါ့ကို မှာလိုက်တယ်"

"ဘာကိုလဲ"

"ကျောင်းဆရာလေး အိမ်ကို နေ့တိုင်းရေဖြည့်ပေးဖို့ ပြောပေးပါတဲ့၊ ငါ့ကို ပြောခိုင်းလိုက်လို့"

"အေးလေ ငါလုပ်မှာပေါ့၊ ရေဖိုးပေးမှာမလား"

မြကြိုင်က စကားပြောရင်း စံပယ်ပန်းကုံး ကို ယိုးဒယားကလစ် အသေးလေးနဲ့ ညှပ်ပန်လိုက်တယ်။

"အေးပေါ့၊ ဒါပေမဲ့ သူပေးမယ်တဲ့၊ ကျောင်းဆရာ ဆီက မတောင်းနဲ့တဲ့"

မြကြိုင်ဟာ ခေါင်းလေးတညိတ်ညိတ်နဲ့ အင်း လို့ ဆိုတယ်။

"အေး ငါသဘောပေါက်ပြီ"

မြကြိုင်ဟာ သူ့ပန်းပန်တဲ့ ကိစ္စပြီးတဲ့အခါ နုနုဘက်ကို အသေအချာ လှည့်ကြည့်တယ်။ မြကြိုင် အလှကြိုက်တာကိုတော့ သူငယ်ချင်းဖြစ်တဲ့ နုနု အပြင် တစ်ရွာလုံး  အသေအချာသိပါရဲ့။ သိဆို  ဘယ်အချိန်ကြည့်ကြည့် မြကြိုင်က သနပ်ခါးနဲ့ ပါးကွက်ကြားနဲ့လေ။ မနက်စောစောစီးစီးမှာတောင် မြကြိုင်က ပန်းလေးပန်ပြီး နှုတ်ခမ်းနီ ဆိုးပြီးနေပြီ။ မြကြိုင်ဟာ အဲသည်လိုပဲ။ အလှပြင်ပြီးမှ ကျန်တဲ့ အလုပ်တွေ ဆက်လုပ်တတ်တယ်။

နုနုဟာ မြကြိုင်ကို အသေအချာလေးကြည့်နေတယ်။ နုနုရဲ့ စိတ်ထဲမှာ မြကြိုင်က မိန်းမတစ်ယောက်လိုပဲ။

"ဟဲ့ အနု"

"အေး"

"ငါ လှပြီလား"

မြကြိုင် (Completed)Where stories live. Discover now