(၅) Zawgyi

1 0 0
                                    

"အစောကြီးပါလား"

ကျောင်းဆရာလေးဟာ မြကြိုင်ကို တွေ့တော့ နှုတ်ဆက်စကားဆိုတယ်။ မြကြိုင်က ခေါင်းလေးညိတ်ပြလိုက်တယ်။

"ဒီနေ့ ပျိုးစိုက် လိုက်သွားမလို့လေ၊ အဲဒါ မနက်စောစော အကုန်လုံးဖြည့်ပေးခဲ့တာ"

မြကြိုင် စကားကို ကြားတော့ ကျောင်းဆရာလေးက ခေါင်းညိတ်ရင်း နားထောင်နေတယ်။

"မြကြိုင်က အလုပ်အကုန်လုပ်တာပဲနော်"

မြကြိုင် ပြုံးပြလိုက်တယ်။ မြကြိုင် အလုပ်လုပ်ရတာပေါ့၊ ရေထမ်းရတာက ဘယ်လောက်ရမှာ မလို့လဲ။ မြကြိုင် တစ်ကိုယ်စာ အတွက် ချွေတာရင် လောက်ငှပေမဲ့ အခြားကိစ္စတွေ အတွက်လည်း တွေးပြီး ရှာထားရတာမျိုးလေ။

မြကြိုင်ဟာ တွေးရင်းနဲ့ပဲ ကျောင်းဆရာလေးကို ကြည့်နေမိတယ်။ ကျောင်းဆရာလေးက ‌အသားက ဖြူဖြူ၊ မနက်စောစော မျက်နှာသစ်ပြီးခါစ အချိန်မှာ မျက်နှာလေးက ကြည်လင်နေတယ်။ ပြီးတော့ ရေစက်လေးတွေကလည်း မျက်နှာနဲ့ လည်ပင်းပေါ်မှာ တင်နေပြန်တယ်။ မြကြိုင်ကို ပြုံးရယ်ပြတဲ့အခါ လှပ်ခနဲ ပေါ်လာတဲ့ သွားလေးတွေက ဖြူဖွေးညီညာလို့။ ကျောင်းဆရာလေးက ပခုံးပေါ်တင်ထားတဲ့ မျက်နှာသုတ်ပုဝါ ဖြူဖြူလေးကို ဝါးလုံးတန်းလေးမှာ လှန်းလိုက်တယ်။ နောက်ကျောဘက်က အင်္ကျီက နည်းနည်းကြေနေသလို၊ ကြည့်ရတာ အဝတ်အစားမလဲ‌ရသေးဘူး ထင်ပါရဲ့။

မြကြိုင်ဟာ ကြာကြာ မကြည့်အားပါဘူး။ ကျောင်းပိတ်ရက်ဖြစ်လို့ ကျောင်းဆရာလေး ကျောင်းမသွားရပေမဲ့ မြကြိုင်က ပျိုးစိုက်သွားဖို့ ရှိသေးတယ်လေ။

မြကြိုင် ခပ်မြန်မြန်လေး အိမ်ဘက်ကို ပြန်လာရတယ်။ မြကြိုင်က အိမ်ထဲကို အလောတကြီးဝင်လိုက်ပြီး အဝတ်အစား‌လဲဖို့ပြင်ရတယ်။ နေမမြင့်ခင်သွားနိုင်မှ အတော်ကျမှာလေ။

မြကြိုင်ဟာ သနပ်ခါးထူထူကလေးကို လိမ်းပြီး ပါးကွက်ကြီးကြီး ကွက်လိုက်တယ်။ အဲဒီနောက်မှာ သနပ်ခါး ခြစ်တဲ့ သွားပွတ်တံလေးနဲ့ မျက်ခုံးနေရာက သနပ်ခါးတွေကို ဖယ်ချပစ်လိုက်ပြန်တယ်။ မြကြိုင်ဟာ မှန်ထဲက ပုံစံကို ကြည့်ပြီး သဘောကျသွားတဲ့အခါ အဝတ်ခပ်နွမ်းနွမ်းလေးကို ဝတ်လိုက်တယ်။ လယ်ထဲ ပျိုးစိုက်ရမှာဆိုတော့ မြကြိုင် အဝတ်အကောင်းတွေ သိပ်မဝတ်ချင်ဘူးလေ။ အင်္ကျီလေး အပေါ်က လက်ရှည် အင်္ကျီတစ်ထည်ကိုပါ ထပ်ဝတ်လိုက်သေးတယ်။ မြကြိုင်တို့က အသားကသာ ညိုတာ၊ နေပူမှာတော့ သိပ်ကြောက်တာလေ။

"မြကြိုင်ရေ"

နုနုရဲ့ ခေါ်သံကို ကြားတဲ့အခါ မြကြိုင်ဟာ အဆင်သင့် ဖြစ်နေပြီ။ မြကြိုင်က ချက်ချင်းပဲ ခမောင်တစ်ချပ်ကို ဆောင်းပြီး အဆင်သင့်ပြင်ထားတဲ့ ထမင်းချိုင့်ကို ယူလိုက်တယ်။

"ငါ အဆင်သင့်ပြင်ထားပါတယ်ဟယ်၊ လာသွားမယ်"

မြကြိုင်က ပြောပြောဆိုဆို သားရေဖိနပ်ကလေးကိုလည်း ကောက်စီးလိုက်တယ်။ အဲဒီနောက်မှာတော့ တံခါးလေးကို စေ့ပြီး အလုပ်လုပ်ဖို့ ထွက်လာတော့တာပဲ။

သိပ်မကြာပါဘူး၊ မြကြိုင်တို့ အလုပ်လုပ်ရတဲ့နေရာ ရောက်လာတယ်။ ပုံမှန်ဆိုရင် ဒီအလုပ်ကို မိန်းကလေးတွေပဲ လုပ်ကြတာပေမဲ့ မြကြိုင်ကိုတော့ အခင်းပိုင်ရှင်က သိနေပြီ‌လေ။ ပြီးတော့ နုနုနဲ့လည်း အခင်းပိုင်ရှင်နဲ့က သိနေတော့ မြကြိုင် ဒီအခင်းမှာ အလုပ်လုပ်ဖြစ်တာ နှစ်တွေတောင် ချို့နေပြီ။

တကယ်တော့ ဒီအလုပ်က ပင်ပန်းပေမဲ့ ပိုက်ဆံလေးတော့ ရတယ်လို့ ပြောရမယ်။ မများပေမဲ့ ရေထမ်းတာထက်တော့ ပိုရတယ်လေ။ ဒီတော့ ဒီလိုရက်မျိုးဆိုရင် မြကြိုင်က ရေယူမယ်လို့ ကြိုပြေယထားတဲ့ အိမ်နဲ့ နေ့တိုင်းယူနေတဲ့ ‌အိမ်တွေကို ရေဖြည့်ပေးခဲ့တယ်။ ပြီးရင် တစ်နေ့လုံး ပျိုးခင်းဘက်မှာနေတော့တယ်။ ပြီးတော့မှ ညနေရောက်ရင် ရေထမ်းဖို့ တစ်ခါထပ်ထွက်ရပြန်တာပေါ့။

"မြကြိုင် စားကြမယ်လေ"

မြကြိုင်ဟာ တွေးရင်း ငေးရင်းနဲ့ ထမင်းချိုင့်ကို တောင် မဖွင့်ဖြစ်ဘူး။ နုနု ပြောမှ ထမင်းချိုင့်ပေါ်က ချည်ထားတဲ့ လက်သုတ်ပုဝါ နီနီလေးကို ဖြည်ရတယ်။

မြကြိုင်တို့မှာ ဟင်းဆိုလို့လည်း များများစားစား မပါပါဘူး။ ဒါပေမဲ့ တစ်ယောက်ဆီက တစ်ယောက် မျှစားကြရင်းနဲ့ ဟင်းတွေစုံသွားတာပါပဲ။ ဒီနေ့ကလည်း ပင်ပန်းနေကြလို့ ထင်ပါရဲ့။ မြကြိုင်တို့ ထမင်းချိုင့်ဟာ ခဏလေးနဲ့ ကုန်သွားပြန်တယ်။

မြကြိုင်ဟာ ခဏလေးနားတဲ့ အချိန်မှာ သိမ်းစရာရှိတာတွေ သိမ်းပြီး မြေကြီးပေါ် ပက်လက်ကလေးလှဲချလိုက်တယ်။

"ကောင်းကင်ကြီးက သိပ်လှတာပဲ"

မြကြိုင်ဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း ပြုံးလိုက်မိတယ်။ တစ်ခါတလေဆိုရင် မြကြိုင် အလုပ်မလုပ်ချင်ဘူး။အခုလိုပဲ မြေကြီးပေါ် လှဲချရင်း ကောင်းကင်ကြီးကို  ငေးကြည့်ချင်နေတယ်လေ။

မြကြိုင် (Completed)Where stories live. Discover now