ဖြစ်တည်မှုကိုတွေ့ရှိခြင်း

29.5K 345 16
                                    

မေ့မြောနေတဲ့ကောင်လေးကို ရင်ခွင်ထဲပွေ့ရင်း အခန်းထဲဝင်လာခဲ့ရတယ်။ အခန်းထဲရောက်တာနဲ့ သူကျောချနေကျ တစ်ကိုယ်စာနေရာကျဥ်းကျဥ်းလေးချထားတဲ့ အိပ်ရာပေါ် ကောင်လေးကို ဖြည်းဖြည်းချင်းချပေးရတယ်။

ယောက်ျားလေးသာဆိုတယ် ကောင်လေးရဲ့ခန္ဓာကိုယ်အလေးအချိန်က မိန်းကလေးတွေကဲ့သို့ ပေါ့ပါးနေတယ်။ ကိုယ်အလေးချိန်များတဲ့ မိန်းကလေးတွေထက်တောင် ကောင်လေးရဲ့အလေးချိန်က ပိုပေါ့ပါတယ်။ အိပ်ရာပေါ် သူချပေးထားတဲ့အတိုင်း မမှိတ်မသုန် မေ့မြောနေတဲ့ ကောင်လေး လှိုင်းဝေ ငေးနေမိတယ်။

မျက်ခုံးတန်းနက်နက်  အထက်ကိုကော့ညွှတ်နေတဲ့ မျက်တောင်တွေ  မျက်ခုံးနှစ်သွယ်ကြားကနေဖြောင့်စင်းလာပြီးအဖျားနား၌ အနည်းငယ်ကော့တက်သယောင်ထင်ရတဲ့ နှာတံချွန်ချွန်။ ထိုနှာတံချွန်ချွန်အထက်၌ မှဲ့နက်လေးတစ်လုံးက နေရာယူနေသည်။ ထိုမှတစ်ဆင့် သွေးရောင်အပြည့်ဖြင့် ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းဖူးဖူးလေးဆီ အကြည့်ရောက်မိတော့ လှိုင်းဝေရင်ထဲ လှိုင်းတွေထန်ကုန်တော့တယ်။

အမည်တပ်မရတဲ့ ခံစားချက်။ ရင်တွေကလည်း တလှပ်လှပ်ခုန်နေသလို အာခေါင်တွေကလည်း ခြောက်လာတယ်။ တားမရ စီးမရဖြစ်နေတဲ့ ရင်ဘတ်ကို လက်နဲ့အသာအုပ်ကိုင်ပြီး ကိုယ့်စိတ်ကိုယ်ငြိမ်အောင်ထိန်းရတယ်။

စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားတဲ့ ခံစားချက်တွေက ကသောင်းကနင်းနိုင်လွန်းတယ်။ ထူးဆန်းတာက သူနဲ့မျိုးတူ ယောက်ျားလေးတစ်ယောက်အပေါ်မှာမှ အခုလိုခံစားချက်မျိုး ဖြစ်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြမိတယ်။ ခန္ဓာကိုယ်ကောက်ကြောင်းလှလှနဲ့ မိန်းမလှတွေအပေါ်မှာတောင် အခုလိုစိတ်မျိုးမဖြစ်တဲ့ သူက ဒီကောင်လေးရဲ့ နှုတ်ခမ်းကိုကြည့်မိတဲ့အခိုက်အတံ့မှာ ရင်ခုန်တယ်တဲ့လား။

"အဟက်"

ကိုယ့်ကိုယ်ကိုယ် ပြက်ရယ်ပြုလှောင်ရယ်လိုက်ပြီး ကောင်လေးရဲ့ခန္ဓာကိုယ်ကို ပြန်လေ့လာရတယ်။ ကောင်လေး ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေက တွန့်ကြေနေပြီး အနည်းငယ် ဖရိုဖရဲဖြစ်နေတာကြောင့် အဝတ်လဲပေးဖို့အတွက် အိမ်ရှေ့မှာချထားတဲ့ ကောင်လေးရဲ့ အိတ်ကိုပြေးယူပြီး မွှေနှောက်ရတယ်။ Uniformလို့ထင်ရတဲ့ အဝတ်တစ်စုံသာထွက်လာပြီး ကျန်တာက တစ်ကိုယ်ရေသုံး အလှအပပစ္စည်းအချို့၊ ဖုန်းတစ်လုံးနှင့် ပိုက်ဆံအိတ်တစ်လုံးသာ။ ပိုက်ဆံအိတ်ထဲကနေ ထောင်ထွက်နေတဲ့ ပန်းရောင်ကဒ်ကလေးကို ထုတ်ကြည့်လိုက်တော့ ကောင်လေးရဲ့ မှတ်ပုံတင်ဖြစ်နေသည်။

နွေရိပ်ညိုWhere stories live. Discover now