Part-14(U)

1.4K 98 22
                                    

ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Part-14

"မင်း အဲဒါ ဘာလုပ်နေတာလဲ"

ငြိမ်းသက်ဖို့မမီလိုက်သည့် သောက်လက်စ စီးကရက်တိုသည် ဝေဟင်ကိုး လက်ဝယ်။
ဝင်လာသူသည် ကဝိဖြစ်မည်မှန်း မမျှော်မှန်းထားပုံပေါ်သည်‌ကြောင့် တအံ့တဩဖြစ်နေသည့် ဟန်ပန်တို့အပြင် စေ့စေ့စပ်စပ် ကြည့်မည်ဆို အနည်းငယ် တုန်ချင်နေသည့် လက်ကလေးတွေ ကို မြင်ရပေလိမ့်မည်။

"ကို..ကြီး"

ထစ်အအ ခေါ်သံနှင့်အတူ ကဝိဆီ မဝံ့မရဲကြည့်လာသည့်ကောင်လေး။
တဇွတ်ထိုးကလေး ဖြစ်သည်။ ခေါင်းမာတတ်သည်။ အရွဲ့တိုက်ချင်သည်။ ဒေါသထွက်လွယ်သည်။ သောင်းကျန်းတတ်သည်။
ထိုဂုဏ်ပုဒ်တွေနောက်တွင် ကဝိ ထိန်းမရခြင်းဟူသည်တော့ မပါ ပါ။
ကဝိသည် တချို့အခြေအနေတွေတွင် သိသိသာသာ အလိုလိုက်တတ်သလို၊ တချို့တလေတွင် မသိဟန်ပြု အလိုလိုက်တတ်သည်။
ကဝိ အလိုလိုက်ခြင်းကြောင့် ထိုကောင်လေးကလည်း ဆိုးတတ်ပါသည်။ သို့သော် ခြွင်းချက်ရှိသည်က အလိုလိုက်ထားသည်အထိသာ ဝေဟင်ကိုး ဆိုးခွင့်ရှိတာ ဖြစ်သည်။

မဟာကဝိ အမှန်တကယ် တင်းကြပ်ထားသည့် စည်းကမ်းများကိုတော့ ဝေဟင်ကိုး ငြိခွင့်မရှိပါ။

ကဝိသည် ဒန်းစင်ပေါ် ချထားသည့် စီးကရက်ဗူးနှင့် မီးခြစ်ကိုပါ စိုက်ကြည့်ရင်း တစ်လှမ်းချင်း ဝေဟင့်အနား တိုးကပ်လာလေသည်။

"ကို ကြီး ကျနော်."

ဝေဟင်သည် စူးရဲခက်ထန်သည့် ကိုကြီးအကြည့်များနှင့် ဆုံမကြည့်ရဲပေ။ သေချာပေါက်ကို တစ်ဖက်လူ မကြိုက်တာ သူလုပ်ထားသည့် အချိန်မှာပေါ့။

ကိုကြီးသည် ဝေဟင်ကိုးနှင့် ပတ်သက်လျှင် လွှတ်ထားပေးတာများသည်။ လက်ပူးလက်ကြပ် မမိသေးသ၍ တိမ်းရှောင်တတ်သည့် ဝေဟင့်အကျင့်ကိုလည်း ကိုကြီးက မျက်ကွယ်ပြုထားပေးတတ်သည်။ သူ ဒါတွေကို သိပါသည်။ ထို့ကြောင့်လည်း ထင်တိုင်းကြဲရဲခဲ့ဝာာဖြစ်သည်။ ကိုကြီးအပေါ် သူ သောင်းကျန်းရဲသည်။ သူ အရွဲ့တိုက်ရဲသည်။ စိတ်တိုအောင် ပြုမူရဲသည်။
သို့သော် သူ့ကိုကြီးကို သူ အလုံးစုံ မကြောက်ဘူး ဟုတော့ ယတိပြတ် အာမချောင်ရဲပါ။

ကိုကြီးရင်ခွင်၊ ဆိုးမဝချင်Where stories live. Discover now