#Unicode
ဒီနေ့ဟာ တောင်ကြီးမှာ နေပြီး တလ အကြာ ရန်ကုန်သို့ ပြန်မယ့်ရက်ပင် ဖြစ်သည်။
သို့သော် မပြန်ခင် တရက်အလို ၊ မနေ့ညကတည်းက အအေးမိပြီး ဖျားသွားတဲ့ ဟန့်ကြောင့် မိုးည ပြန်မယ့်ရက်ကို ရွှေ့လိုက်ရတော့သည်။
ဒီနေ့မနက်အထိ အဖျားက မကျသေးဘဲ ရှိနေသေးတာကြောင့်၊ အိမ်အထိ လာနိုင်မယ့် ဆရာဝန်ကို ဖုန်းဆက်ခေါ်ထားလိုက်ပြီး၊ အခု မိုးည ဆရာဝန် အလာကို စောင့်နေခြင်းပင် ဖြစ်သည်။
ခဏ အကြာ ဆရာဝန် ရောက်လာတာကြောင့် မိုးည ထွက်ကြိုလိုက်ရင်း ဟန် ရှိရာ အခန်းထဲသို့ ခေါ်သွားပေးလိုက်သည်။
ဟန်က ကုတင်ပေါ်မှ မှေးနေရာမှ ထိုင်ဖို့ ကြိုးစားလာတာကြောင့် မိုးည ကုတင်နောက်ကို မှီနိုင်အောင် ကူပေးလိုက်ရင်း သက်တောင့်သက်သာဖြစ်အောင် ကျောနောက်မှာလည်း ခေါင်းအုံး အခံထားပေးလိုက်သည်။
ဒေါက်တာက ကိုယ်အပူချိန်နဲ့ သွေးပေါင်ချိန်၊ ထို့နောက် နားကြပ်တပ်ကာ နှလုံးခုန်နှုန်းကို စမ်းသပ်ပြီးနောက်...."လူနာက နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတခုခု ရှိတာလား နှလုံးခုန်နှုန်းက အတက်အကျ မမှန်ဘူး ဖြစ်နေတာ...အခုရက်ပိုင်း ဆေးရော သောက်ရဲ့လား....."
ဒေါက်တာ့ရဲ့ နောက်ဆုံး မေးခွန်းကို ဖြေဖို့ မိုးည ဟန့်ကို လှမ်းကြည့်လိုက်တော့ ဟန်က အကြည့်ကို ရှောင်လိုက်ပြီး ခေါင်းကို တခြားဘက် လွှဲလိုက်တာကြောင့် ....
"ဆေးတွေ မသောက်ဘူးလား ဟန်..."
"ဟန် ရန်ကုန်ကနေ ဆေးတွေယူဖို့ မေ့သွားလို့ပါ..."
မိုးည သက်ပြင်းဖွဖွသာ ချလိုက်ရင်း...အခုချိန်မှ ဆူနေလို့လည်း အကျိုးမရှိတာကြောင့်....
"ဒါဆို ကိုယ့်ကို ပြောရောပေါ့၊ ဒီမှာ ဝယ်လည်း ရရဲ့သားနဲ့ကွာ..."တကယ်တမ်း ဟန် အဲ့လိုကိစ်စတွေထိ ကိုကို့ကို မပြောနေချင်ပါ၊ ကိုကိုလည်း အခုရက်ပိုင်း အရမ်း အလုပ်ရှုပ်နေခဲ့တာကြောင့် သူ့အတွက်နဲ့ ဘာမှ အလုပ်မပိုချင်တော့၊ ထပ်ပြီး ဆေးတွေ အမြဲတစေ သောက်နေရတာ ၊ရောဂါသည်လို ဆက်ဆံ ခံရတာကိုလည်း ငြီးငွေ့နေပြီး ဒီ ရောဂါကိုလည်း သူအတော် မုန်းပါသည်။
![](https://img.wattpad.com/cover/344230266-288-k195990.jpg)