Unicode
အဇ္စျတ္တလမ်းပေါ်ကလူ
----------------------------မိုးကောင်းကင်သည် အနက်ရောင်ခြုံထည် တစ်ခုကို လွှမ်းခြုံထားသကဲ့သို့ ရှိလေ၏။ လရောင်ဖျောဖျော့အောက်တွင် အရှေ့အရပ်သည် မြူခိုးတို့ ဖုံးလွှမ်းနေသောကြောင့် ကောင်းစွာမမြင်ရ။ သူက အနောက်အရပ်သို့ လည်ပြန်လည့်ကြည့်လိုက်သည်။ သူလာခဲ့သော အနောက်အရပ်သည် လရောင်အောက်တွင် မှုန်ဝါးစွာ ကျန်ရစ်ခဲ့လေပြီ။ အရာရာသည် မပီပြင် ဝိုးတဝါးရှိလှ၏။
သူလျှောက်ခဲ့ဖူးသည့် အနောက်အရပ်သည်လည်းကောင်း၊ သူ မရောက်သေးသော အရှေ့ အရပ်သည်လည်းကောင်း မှုန်ဝါးဝါးသာ ဖြစ်နေသည်။ သူကိုယ်တိုင်သည်ပင် ဝိုးတဝါးပုံရိပ်တစ်ခုလို ခံစားနေရ၏။
ဤလမ်းမပေါ်သို့ သူဘာကြောင့်ရောက်လာခဲ့သည်ကို သေချာမသိ…ရှေ့ဆက်လျှောက်ရဦးမည်တော့ သိနေသည်။ ဘာကြောင့် သည်လမ်းကို လျှောက်နေရသည်ဆိုတာ သူ မသိ။ လမ်းဆုံးသည် ဘယ်လောက်ဝေးဝေးတွင် ရှိသည်ဆိုတာ သူ မသိ။ သူသိသည်က သည်လမ်းမပေါ်တွင် သူ့ထက်အရင် လျှောက်ခဲ့ဖူးသူများရှိသည်။ သူ့နောက်တွင်လည်း သည်လမ်းမပေါ်သို့လျှောက်သူများ ရှိလာဦးမည် ဆိုတာပင်ဖြစ်သည်။
ယခု သူသည်လည်း လမ်းဆုံးထိရောက်အောင် လျှောက်ရပါဦးမည်။ လမ်းဆုံး…။ လမ်း၏ အဆုံးသတ်သည် မည်သို့သောအရာ ရှိနေမည်နည်း။ ခမ်းနားလှပသော မြို့ပြတစ်ခုလည်း ဖြစ်နိုင်သည်။ နေရောင်ခြည်အောက်တွင် ရောင်စုံပန်းများ လှပစွာပွင့်ဝေနေသည့် ဉယျာဉ်တစ်ခုလည်းဖြစ်နိုင်သည်။ ငြိမ်းချမ်းသော၊ အလိုရမ္မက်နည်းပါးသော၊ ထိုင်ခုံတစ်လုံးပေါ်တွင် ဖင်မှအမြစ်ထွက်အောင် ထိုင်တတ်သူများမရှိသော၊ အရောင်အဆင်း ခွဲခြားမှုမရှိသော အရပ်ဒေသတစ်ခုလည်း ဖြစ်နိုင်သည်။
သို့မဟုတ် ရက်စက်သော၊ အလိုရမ္မက်ကြီးသော၊ သားရဲတိရစ္ဆာန်များနှင့်တူသော လူများရှိနေသည့် တောအုပ်တစ်ခုလည်း ဖြစ်နိုင်သည်။ ဘာဆို ဘာမှမရှိသည့် နေရာတစ်ခုလည်း ဖြစ်နိုင်ပါသည်။
သူက အတွေးများနှင့် ရှေ့ဆက်လျှောက်နေရင်း လမ်းဘေးတစ်နေရာမှ ဆိုင်တစ်ဆိုင်ကို မြင်မိသောကြောင့် ခြေလှမ်းများကို ရပ်လိုက်သည်။ သူလျှောက်ခဲ့သော လမ်းတစ်လျှောက်လုံးတွင် အိမ်များ၊ ဆိုင်များ မရှိသည်ကို သတိထားမိ၏။ ယခု သည်လမ်းမဘေးတွင် ဆိုင်တစ်ဆိုင် ရှိနေသဖြင့် အံဩသလိုဖြစ်မိ၏။
YOU ARE READING
အဇ္စျတ္တလမ်းပေါ်ကလူ
Teen Fictionလမ်းဆုံး...။ လမ်း၏ အဆုံးသတ်သည် မည်သို့သောအရာ ရှိနေမည်နည်း။ ခမ်းနားလှပသော မြို့ပြတစ်ခုလည်း ဖြစ်နိုင်သည်။ နေရောင်ခြည်အောက်တွင် ရောင်စုံပန်းများ လှပစွာပွင့်ဝေနေသည့် ဉယျာဉ်တစ်ခုလည်းဖြစ်နိုင်သည်။ ငြိမ်းချမ်းသော၊ အလိုရမ္မက်နည်းပါးသော၊ ထိုင်ခုံတစ်လုံးပေါ်တ...