【 ၂ 】- အဲ့ဒီတုန်းက ကျွန်တော် ကျောင်းသားပဲ ရှိသေးတယ်။

56 8 0
                                    

၂။ အဲ့ဒီတုန်းက ကျွန်တော် ကျောင်းသားပဲ ရှိသေးတယ်။

“ မနေ့က သူ့ရဲ့ ရက်လည်ပဲ !!! ”

.

ကီးဘုတ်သံ တတောက်တောက်မှာ ရပ်သွားပြီး၊ ကျောင်းဝန်ထမ်းဆောင် အခန်းထဲက စားပွဲရှေ့မှ ဟော့ယွီ ထလိုက်၏။

အခန်းသည်ကား ခြောက်ဆယ် စတုရန်းမီတာပင် မပြည့်။ နံရံခြားသည့် ဧည့်ခန်းထဲမူ ခေတ်နောက်ကျနေသော တီဗွီမှသည် ငြီးငွေ့ဖွယ်ကောင်းအောင် ပေရှည်သည့် ကဗျာလင်္ကာ ရသစုံရှိုး အစီအစဉ်မှာ ထုတ်လွှင့်နေဆဲ ဖြစ်ကာ လိုင်းမကောင်းသည့် အချိန်များ၌ဆို အသံတဂျစ်ဂျစ်ကား ယှဉ်တွဲလျက်။

ဆိုဖာမှာလည်း ဇာတ်လမ်းထဲမှ အနှီ ဆိုဖာပင် ဖြစ်ကာ၊ အဆာပြေမုန့်၊ ကွတ်ကီးဘူးတို့သည်လည်း ရှိနေဆဲပင်။

သို့သော် နံရံပေါ်မှ နာရီမှာ ရှစ်နာရီ၊ ကိုးမိနစ်တွင် ရှိနေပြီး၊ အပြင်ဘက်တွင်လည်း လမ်းမီးတို့မှာ လင်းထိန်နေသေးကာ ညဉ့်တော့မနက်သေး။

ဤကာလမှာ နွေရာသီလယ် ဖြစ်လေရာ လေထုကား ထိုင်းမှိုင်းစိုစွတ်နေ၏။ ပိုးဖလံတို့ကား မီးတိုင်တို့အောက်ဝယ် တဝဲလည်လည် ရှိနေကြပြီး၊ ခြင်များသည်လည်း ခပ်နိမ့်နိမ့်တွင် တဝီဝီ ပျံသန်းနေကြကာ မိုးလည်း မကျသေးပေ။

လူငယ်လေးသည် အဆောင်ခန်း၏ စာကြည့်ခန်းထဲမှ ထွက်လာပြီး တံခါးကို တွန်း၍ ဖွင့်လိုက်ပေ၏။ ထိုတွင် ပေရေနေသော ပြတင်းပေါက်ဘောင်မှသည် အလင်းရောင်ကား တစ်ဆစ်ချိုး တိုးဝင်လာပြီး တစ်ခန်းလုံးကို လင်းသွားစေသည်မှာ အတန်ငယ် အိပ်မက်ဆန်လေ၏။ အိပ်မက်ဆန်နေသည်မှာ အစောလေးတင်ကမှ သူ ရေးသားပြီးစီးခဲ့သည့် ဇာတ်လမ်းကိုပင် ကျော်လွန်နေပေသေး၏။

ဆိုဖာပေါ်တွင် အမျိုးသမီးငယ်လေး တစ်ယောက် လဲလျောင်းနေ၏။ ဖွင့်ထားသည့် လေအေးပေးစက်အပူချိန်ကား ခပ်နိမ့်နိမ့်။ သူ(မ)သည် သန္တာရောင် ကတ္တီပါ‌မွေးပွစောင်ကို ခြုံရင်း အိပ်မောကျနေပြီး၊ ရှေ့တွင်မူ မျက်ရည်၊ နှာရည်တို့အား သုတ်ထားသော တစ်ရှူးများ ရှိနေ၏။

ဟော့ယွီက “ ထ၊ ထ ” ဟု ဆိုလိုက်ပါ၏။

“ ......အွန်း ”

ဆေးမှတ်တမ်းချုပ် ( ၁ )Where stories live. Discover now