၄။ ပြန်တွေ့တဲ့အချိန်မှာ ကျွန်တော် သူ့ကို ငုံ့ကြည့်ရတယ်။
သေးသေး၊ ကျဉ်းကျဉ်း မီးဖိုချောင်ခန်းလေးထဲမှသည် ထမင်းကြော်သံ တရှဲရှဲ ထွက်လာလေသည်။ ဟော့ယွီနှင့် ရှဲ့ရွှယ်တို့ကား ဆီအနည်းငယ် စွန်းပေနေသော ထမင်းစားစားပွဲလေးတွင် ထိုင်နေကြ၏။
ရှဲ့ရွှယ်၏ မကြည်မသာ ဖြစ်ခြင်းတို့မှာ ပျောက်ကွယ်သွားရပြီး သက်သောင့်သက်သာ ပြုံးလျက်ဖြင့် သူ(မ)၏ အစ်ကိုကြီးဖြစ်သူ တစ်ယောက် ထမင်းကြော်၍ ပြီးစီးမည့် အချိန်ကို စောင့်နေလေသည်။
ဟော့ယွီမှာလည်း ဝတ်ကျေတမ်းကျေဖြင့် ပြုံးနေလေသော်ငြား စိတ်ထဲတွင်တော့မူ မျက်လုံး လှန်ပြနေလေ၏။
ကြော်ငြာပိုစတာများ ကပ်ထားသော မီးဖိုချောင်ခန်း၏ ဆွဲတံခါးမှာ ဆွဲဖွင့်ခံလိုက်ရပြီး ဦးစွာ ထွက်လာသည်မှာ နှာခေါင်းထဲသို့ တိုးဝင်လာသော ရင်းနှီးနေသည့် ထမင်းကြော်နံ့ပေ။ ယင်းနောက်တွင်တော့မူ ရှဲ့ချင်းချန် ထွက်လာလေကာ အေပရွန်ကို ချွတ်လိုက်လေသည်။ ရှပ်အင်္ကျီခါးအနားစကို ပြန့်ပြူးနေသော အနောက်တိုင်းဝတ် ဘောင်းဘီထဲသို့ ပုံမာန်အတိုင်း ထိုးထည့်ထား၏။
အကြင်သူ၏ ပင်ကိုစရိုက်မှာ အေးစက်စက်ပင် ဖြစ်သော်ငြား တကယ်တမ်းတွင်တော့မူ အစ်ကိုကြီး ပီသသူ တစ်ယောက်ပါပင်။ အကြင်သူ့ မိဘတွေမှာ အရွယ်မတိုင်မီ ကွယ်လွန်သွားကြတာကြောင့် အကြင်သူသည်သာ အိမ်ထောင်ဦးစီး ဖြစ်လာရကာ ကလေးဘဝကတည်းမှစ အငယ်လေးများကို ကြည့်ရှုစောင့်ရှောက်ခဲ့ရရှာ၏။ သို့ကြောင့် ဟင်းချက်လက်ရာကတော့မူ အတော်ကို မဆိုးလှ။
ရှဲ့ရွှယ်မှာ သူ(မ)အစ်ကိုကြီး တစ်ယောက် အင်္ကျီလက်တစ်ဝက်ကို ခေါက်တင်ထားလျက်ဖြင့် ဗန်းတစ်ဗန်းအား သယ်လာ၍ ရိုးရိုးရှင်းရှင်း စားပွဲလေးပေါ် ချပေးလိုက်သည်ကို ကြည့်ရင်း တဝိုးဝိုးနှင့် ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်နေလေကာ၊ ပန်းကန်ခွက်ယောက်များကို စားပွဲပေါ်သို့ ချနေသော အစ်ကိုဖြစ်သူကို ထကူလိုက်လေ၏။
YOU ARE READING
ဆေးမှတ်တမ်းချုပ် ( ၁ )
Romanceဆေးမှတ်တမ်းချုပ် စာရေးသူ - အသားပေါက်စီ အသားမစားဘူး။ အပိုင်း (၁)မှ အပိုင်း (၅၃) အထိ။ 封面 - GN干干 老师.