【 ၁ 】- အဖွင့်ရိုက်ချက်။

397 21 2
                                    

၁။ အဖွင့်ရိုက်ချက်။

“ ချလက် ”

အရာအားလုံး အမှောင် အတိကျနေခြင်းမှသည် လင်းသွားလေကာ တီဗွီဖန်သားပြင်မှာ ဖျတ်ခနဲ လက်သွားပြီး ပုံရိပ်ပေါ်လာပေသည်။

ဤသည်မှာ နှစ်,ရာကျော်ကြာ ကြာညောင်းနေပြီ ဖြစ်သည့် ကျောင်းအဆောက်အအုံများထဲမှ အစွန်ဆုံးပိုင်းရှိ အဆောက်အဦ တစ်ခုမှ ပညာရေးဝန်ထမ်းဆောင် အခန်းတစ်ခန်း ဖြစ်၏။ ခေါင်သီသော နေရာတွင် တည်ရှိပြီး အများအားဖြင့် တက်တက်ကြွကြွ ရှိသည့် အသက်ခပ်ငယ်ငယ် ဆရာလေးများအား သွားရောက်နေထိုင်ကြရန် ကျောင်းမှ စေလွှတ်လေ့ရှိသည့် နေရာပင်။ ဤ အဆောက်အဦကား အပြင်ပန်းမှ ကြည့်သော် အုတ်ခဲနီနီ၊ လှေကားထစ်ဖြူဖြူတို့နှင့် အလွန်တရာ လှပပေသည်။ တိုက်ကပ်နွယ်ပင်တို့သည်လည်း မျက်စိပသာဒဖြစ်ဖွယ် စိမ်းမြမြ နွယ်ခက် နုနယ်နယ်တို့အား ဆန့်ထုတ်ရင်း အနောက်တိုင်းစတိုင် အဆောက်အဦဟောင်းကြီးအား ရစ်ပတ်၊ တွယ်တက်လျက် ရှိ၏။ ၎င်းရှေ့မှ ဖြတ်‌လျှောက်သွားမိသည့် မည်သူပင်မဆို ကြိမ်ဖန်များစွာ လည်ပြန်ကြည့်မိခြင်းကို လွန်ဆန်နိုင်လိမ့်မည် မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် ဆရာ ဖြစ်လာ၍ ထိုထဲသို့ ဝင်သွားခါမှသာ မူလက သတင်းမွှေးသော ဤ နှစ်ချီ အဆောက်အဦကြီးမှာ အဖန်ဖန် ပြုပြင်ထားရပြီး အတွင်းနံရံ၏ နံရံသားတို့ကား အစွန်းထေး အလွှာလွှာနှင့် မရေမတွက်နိုင်အောင် အခါခါ မိတ်ကပ်ဖို့၍ ပြုပြင်မွမ်းမံထားသည့် နွမ်းလျလျ မျက်နှာ တစ်ခုနှယ်ပင် ဆိုသည်ကို အလင်း‌ပေါက်နိုင်ပေလိမ့်မည်။

အိုဟောင်းနေသည်မှာ ဒစ်ဂျစ်တယ် တီဗွီပင် မရှိပါချေ။ အဆောင်ထဲရှိ အခန်းများ အားလုံးအား အညီအမျှ ပေးထားသည်ကား ရှေးကျသည်ဟု ခေါ်ထိုက်သော ကေဘယ်လ်တီဗွီ တစ်လုံးစီသာ။

“ ချန်ကျန်း မြစ်လယ်နှင့် မြစ်အောက်ပိုင်း ဒေသတို့တွင် မိုးကြီးမှုများ ဆက်တိုက် ဖြစ်ပွားနေ...... ”

လူငယ်လေး တစ်ယောက်ကား စင်္ကြံလမ်းမှသည် ဝင်ပေါက်သို့ ဖြတ်လျှောက်လာလေ၏။ တီဗွီအစီအစဉ်ထဲမှ အသံမှာ အစောင့်အကြပ် ရုံးခန်း၏ ပြတင်းပေါက်မှ တစ်ဆင့် ဖြတ်ကျော်ထိုးထွက်‌နေပေတော့သည်။ အရင့်အရင် အခါများတွင်ဆို တာဝန်ကျ အ‌ဒေါ်ကြီးက သူ့အား အမြဲတစေ တားမြစ်ငေါက်ငမ်းတတ်ခဲ့ပါ၏။

ဆေးမှတ်တမ်းချုပ် ( ၁ )Where stories live. Discover now