တေးသွားသီ ငှက်ငယ် -အပိုင်း ၁

86 6 0
                                    

🍁နွေဦးပေါက်‌ရာသီ မနက်ခင်းတစ်ခုဝယ်-

"နွေဦးရာသီသည် သစ်လွင်လှပသော ရာသီဖြစ်သည်။ သို့သော် တစ်ဖက်တွင်လည်း နွမ်းလျစွာဖြင့် ဇရာ၏သဘောကို ပြသပြန်သည်။ထို့ကြောင့် နွေဦးရာသီသည် အကောင်းအဆိုးဒွန်တွဲသော လောကသဘာဝကို ဖော်ကျူးလျက် အရောင်အသွေးစုံလင်သည့် ပန်းချီကားတစ်ချယ်နှယ် လှပနေပါတော့သည်။"

ဝေတစ်ယောက် ရေးသားပြီးသော စာစီစာကုံးကို စိတ်တိုင်းကျဖတ်ရှုပြီးနောက် စိတ်တွင်ကြည်နူးသွား၏။ အလုပ်တစ်ခုတော့ပြီးမြောက်သွားပြီ မဟုတ်လော။ ကျောင်းသွားဖို့ပြင်ဆင်ရမည်။ ကိုယ်တိုင်စိတ်တိုင်းကျ ရေးထားသော စာကို ဆရာမကိုပြဖို့ တက်ကြွနေမိသည်။နှုတ်မှလည်း ညကကျက်ခဲ့သော ခက်ဆစ်များနွှေးနေသည်။ ဝေ ဆိုသည်မှာ ပျင်းရိဖွယ်စာကြမ်းပိုးမလေးပင်။
🍁🍁

☘️
"မေ့..........မသွားနဲ့။ မောင့်ကို ဒီလိုပုံစံနဲ့မထားခဲ့ပါနဲ့။မေရေ......"
မေတစ်ယောက် အိပ်မက်ဆိုးမှ လန့်နိုးလာခဲ့၏။ အချိန်မှာ နံနက်၅နာရီခွဲ။ မေအတော်ပင် အိပ်မောကျခဲ့သည်ပဲ။ လွန်ခဲ့သောတစ်ပတ်က မေတို့မိသားစု မန္တလေးမြို့သို့ ရွှေ့ပြောင်းခဲ့ကြသည်။ မေသည်လည်း ရာထူးတိုးဖြင့် အထက်တန်းကျောင်းတစ်ကျောင်းသို့ ရွှေ့ခဲ့ရသည်။

"ဒီနေ့ပထမဆုံး ကျောင်းသွားရမှာပါလား။ ဆရာမဖြစ်ရတာလည်း မကောင်းလိုက်တာ" မေစိတ်ထဲမှ ငြီးတွားမိသည်။သို့သော်‌ငြား မေသည် စာသင်ကြားရခြင်းကို ဝါသနာပါသည့် အသင်အပြကောင်းသည့် ဆရာမတစ်ဦးပင်ဖြစ်ပါသည်။
☘️☘️

🍁☘️🍁☘️
"ဟဲ့ဝေ ဒီနေ့ ဆရာမအသစ်ရောက်လာပြီတဲ့ ငယ်ငယ်ချောချောလေးဆိုပဲ" သက်လွင် အာသွက်လျှာသွက် ပြောမိပြန်ပြီ။ဝေတို့ ၉တန်းအင်္ဂလိပ်စာပြ ဆရာမသည် ရာထူးတိုးဖြင့် ကျောင်းပြောင်းသွားသောကြောင့် အစားထိုးဆရာမအသစ်တစ်ယောက် ရောက်မည်ဟု သိထားရ၏။

" ဒေါ်သက်လွင် နင့်မလဲ စာကလွဲအကုန်လုပ်တယ်နော်။" ဝေမျက်စောင်းထိုးကာပြောလိုက်၏။ ဝေ့၏နှစ်ယောက်မရှိ စပ်စုစိန်သူငယ်ချင်း သက်လွင်နှင့်ဆို သတင်းအစုံအလင် သိရ၏။ ပြည်တွင်းနှင့်နိုင်ငံတကာ သတင်းတော့ မဟုတ်။ ဘယ်နှစ်ယောက်က တွဲနေကြတာ။ပြတ်သွားပြီ။ ဘယ်ဆရာမကလှတယ် စသည်ဖြင့်။သို့သော် ဝေ့သူငယ်ချင်းသည် ရည်းစားကိစ္စရှင်းသော လူလိမ္မာလေးဖြစ်ပါသည်။

သက်လွင်ပြောသောကြောင့် ဆရာမအသစ် ဒီနေ့ဝင်မည်ဟု ဝေ သိရပါသည်။ ထို့ပြင် အင်္ဂလိပ်လိုချည်းပြောကာ ကျောင်းသားများကို စာ‌မေးတတ်သည်ဟုပင် ထပ်တိုးကြားရသဖြင့် ဝေအနည်းငယ်တော့ ရှိန်မိပါသည်။ ဝေသည် writing ကောင်းသလောက် နှုတ်အလွန်နည်း၍ ရှက်တတ်သော ကလေးမလေးသာသာပင်ရှိပါသေးသည်။

"ဟဲ့မိဝေ လာပြီဟဲ့" သက်လွင်၏ အသံက တစ်ခန်းလုံး ကြားနိုင်သောအသံနှင့် ဖြစ်၏။ဝေတို့တစ်ခန်းလုံးအလန့်တကြား ထရပ်၍ ဆရာမကို နှုတ်ဆက် လိုက်ကြ၏။
"Good afternoon teacher "
"Good afternoon class"ဆရာမ၏အသံက လှောင်သံပေါက်နေသည်ဟု ဝေတစ်ခဏထင်လိုက်မိ၏။ သို့သော် ထိုအသံသည်ကြည်လင်ပြတ်သား၏။ ထို့နောက် "မဟုတ်တန်ရာပါဘူး"ဟု ဝေကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ရ၏။

"ဝေ့အထင်တော့ ဆရာမက သက်လွင်ပြောသလောက် မကြမ်းလောက်ပါဘူး " ဝေတွေးလိုက်မိ၏။ ခေါင်းမော့ကြည့်သောအခါ ဆရာမနှင့် မျက်လုံးချင်း ဆုံမိသွား၏။ ဝေသည် ချက်ချင်း မျက်လွှာချလိုက်သည်။ ဆရာမသည်လည်း အခြားတစ်ဖက်သို့ မျက်နှာလွှဲသွားကြောင်း ဝေခံစားမိပါသည်။
☘️🍁☘️🍁

(ဝေနဲ့ မေနှစ်ဦးရဲ့ ဆရာတပည့်ဆက်ဆံရေးမှ ပေါက်ဖွားလာမည့် ချစ်ခြင်းမေတ္တာများကို စောင့်ကြည့်ပေးကြပါဦးရှင့်။)

13 April, 2024
Loonbby

တေးသွားသီငှက်ငယ်Where stories live. Discover now