Chapter 4

89 16 12
                                    


ညက မိုးအတန်ရွာသွန်းခဲ့သောကြောင့်
လေထုသည် မြေသင်းနံ့ထုံလျက်
အေးစိမ့်စိုစွတ်နေလေသည်။
အစိုဓာတ်ကိုအပြည့်အဝဖမ်းငုံထားသည့်
လေအေးဒဏ်အား ဆွယ်တာအင်္ကျီသည်ပင်
လုံလုံလောက်လောက်ကာကွယ်မပေးနိုင်။

မိုးစက်များတွဲခိုနေသည့်အပင်များမှ
သစ်ရွက်စိမ်းနံ့သည် နှာဖျားထက်ဝေ့သီလာခဲ့၏။
အနည်းအကျဉ်းကျဆင်းစပြုနေသော
ခပ်နွေးနွေးနေပြောက်များသည်
အအေးဒဏ်အား အံမတုနိုင်ပေ။

ဂျယ်ယွန်းသည် ဆွယ်တာအင်္ကျီ၏လက်ဖျားအား
အောက်သို့ဆွဲချလိုက်ပြီး
ကျောင်းဝန်းထဲခပ်နှေးနှေးဝင်လာသည်။
သူ့စိတ်သည် မသက်မသာခံစားနေခဲ့ရပြီး
လမ်းတွင်တွေ့သမျှကျောက်ခဲတို့ကို
ခပ်ဆတ်ဆတ်ကန်ထုတ်မိသည့်အထိပင်။

ကျောင်းလာသည့်လမ်းတွင်
ပတ်ဂျုံဆောင်းအား သူမြင်ခဲ့သည်။
၎င်းဝတ်ဆင်ထားသည့် အရောင်လွင့်နေသော
ဖလန်နယ်အကွက်ရှပ်အင်္ကျီသည်
မတော်တရော်ကောက်စွပ်ထားခဲ့၍လားမသိ၊
တင်ပါးဖုံးလုနီးပါးရှည်နေခဲ့ပြီး
မူလတန်းကလေးတစ်ယောက်နှင့်ပင် တူနေလေ၏။

ဂျယ်ယွန်းသည် ၎င်းကိုမြင်သည့်အခါ
ခြေလှမ်းတို့အလိုအလျောက်တုန့်ဆိုင်းသွားခဲ့၍
နေရာတွင် ခပ်တွေတွေရပ်နေမိသည်။
ဂျုံဆောင်းက
ရှစ်နှစ်အရွယ်ကလေးတစ်ယောက်အား
လမ်းဖြတ်ကူးဖို့ကူညီပေးနေသည်မို့
ဂျယ်ယွန်းကိုမမြင်ပေ။
ကားလမ်း၏တစ်ဖက်ခြမ်းသို့
ဂျုံဆောင်းရောက်သွားမှသာ
ဂျယ်ယွန်းသည် နှေးကွေးသောခြေလှမ်းများဖြင့်
ဖြည်းဖြည်းချင်းလျှောက်ခဲ့သည်။

ဂျုံဆောင်းတွင်
ကိုယ်ကိုလွှဲယမ်း၍လမ်းလျှောက်တတ်သော
အမူအကျင့်ရှိပုံရလေသည်။
၎င်းကျောပိုးအိတ်ရှိအရုပ်ကီးချိန်းလေးသည်ပင်
ခြေတစ်လှမ်းလှမ်းတိုင်း
သိသိသာသာခါရမ်းနေခဲ့သည်။
အကယ်၍ ဂျယ်ယွန်းသာ
အသံကျယ်ကျယ်ဖြင့်ခေါ်ခဲ့လျှင်
ကြားနိုင်သည့်အကွာအဝေး၌ ဂျုံဆောင်းရှိနေသော်လည်း ခေါ်ဖို့ဝန်လေးနေခဲ့သည်။
မနေ့က ဂျုံဆောင်းကို
မသိချင်ယောင်ဆောင်ခဲ့မိသောကြောင့်
လိပ်ပြာမလုံခြင်းဖြစ်လိမ့်မည်ထင်သည်။
တကယ်ဆိုလျှင် သူက
ဒီလောက်သတ္တိမဲ့သူမဟုတ်ပါလျှက်။

Love Wins All  { Jekjeng }Where stories live. Discover now