Episode 26 (Z+U)

650 85 31
                                    

(Zawgyi code)

ရင်ခွင်ထဲ လဲပြိုနေတဲ့ သူမကို အလွှတ်မပေးပဲ တင်းကြပ်စွာဖက်ထားရင်း ခွင့်တောင်းလိုက်မိတော့ သူမ မျက်လုံး အပြူးသား။

"မင်း မင်းဘာလုပ်ဖို့လဲ..."

"အရမ်းလွမ်းခဲ့ရတာဆိုတော့လေ...ခင်ဗျားနှုတ်ခမ်းလေးကို စုပ်ချင်လို့..."

"မင်းမှာသိက္ခာမရှိဘူးလား... တို့ကိုမင်းလွမ်းတယ်ဆိုပေမယ့် တို့မင်းကိုမသိဘူး။ တို့မင်းကို အခုမှမြင်ဖူးတာ"

"MD ရယ်... အဲ့လိုနာကျင်စေမယ့်စကားတွေ မပြောပါနဲ့လား?"

တောင်းပန်တိုးလျှိုးသံနဲ့အတူ မိုးဆွဲဖက်ထားမိတဲ့ သူမကို လွှတ်ပေးလိုက်မိတယ်။

နမ်းချင်နေတဲ့စိတ်ကလည်း ချက်ချင်းသေသွားရပြီ။

"တို့သိတဲ့ နှင်းဆီဆိုတာ တကယ်တော့ လောကမှာ တကယ်မရှိခဲ့ပါဘူး။ အရင်ကတော့ နှင်းဆီဆိုတာရှိတယ်လို့ထင်ခဲ့တာ။ အဲဒါကြောင့် သူပျောက်သွားတဲ့အခါ တို့ သူ့ကို နေရာအနံ့အပြားမှာ အစွမ်းကုန် လိုက်ပြီးရှာဖွေသေးတယ်။ နောက်ဆုံးမှ တို့သဘောပေါက်လိုက်တာက... တို့သိခဲ့တဲ့ ပန်းနှင်းဆီဆိုတဲ့မိန်းကလေးက သူ့နာမည်အရင်းကိုတောင် တို့ကို ပေးမသိပဲ ဆော့ကစားသွားခဲ့တယ်ဆိုပဲ"

"အရင်တည်းကလည်းပြောတယ်။ အခုလည်းထပ်ပြောမယ် MDရယ်။ မိုးအရင်က MDကို လိမ်ခဲ့တယ်ဆိုပေမယ့် မိုး MD ကိုချစ်ခဲ့တဲ့ အချစ်တွေက အစစ်အမှန်ပါ"

"ဟုတ်လား... အော် အချစ်စစ်နဲ့ချစ်ခဲ့တဲ့ လူက သူ့နာမည်အရင်းကိုတောင် ပေးမသိခဲ့တဲ့ အမျိုးသမီးလား?"

နာကျင်စွာမေးလာတဲ့ မေးခွန်းနဲ့အတူ သူမမျက်ဝန်းတွင် မျက်ရည်များ ဝေ့အိုင်လာတယ်။

မိုးဆက်ပြီး သူမနဲ့စကားနိုင်မလုချင်တော့။

အင်းပေါ့လေ... အရမ်းကြီးခံစားနာကျင်ခဲ့ရတာဆိုတော့ ခပ်လွယ်လွယ်နဲ့ ချက်ချင်းကြီး ဘယ်ခွင့်လွှတ်နိုင်ပါ့မလဲ?

"တောင်းပန်ပါတယ်။ မိုးအရမ်းစိတ်စောသွားတယ်..."

"တောင်းပန်ရမှာက တို့ပါ။ တို့ကို နောက်နောင် မင်းသိပ်ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ လူတစ်ယောက်လို မဆက်ဆံပါနဲ့။ တကယ်ဆို တို့ မင်းကို အခုမှ စမြင်ဖူးတာပါ... ဒါနဲ့ ဘာ... မင်းနာမည်က"

"နာကျင်စရာစကားတွေနဲ့ လူကို မထိုးနှက်ပါနဲ့ MD။ အခုလိုစကားလုံးတွေက မိုးကို နာကျင်စေသလို MDလည်းနာကျင်ရတယ်ဆိုတာ မိုးသိတယ်"

"အော်... ဟုတ်လား။ ကိုယ်မသိဖူးတဲ့လူကို မသိဘူးလို့ပြောတာ နာကျင်စရာပါတယ်လို့တော့ တို့မမြင်ဘူး။ နောက်ပြီး တို့က မင်းအလုပ်ရှင်မဟုတ်တဲ့အတွက် တို့ကို MD လို့ မခေါ်ပါနဲ့။ တို့နာမည် မင်းထက်သာလွန်ပါ"

မိုးနာကျင်ရလွန်း၍ ဝေ့တက်လာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ ဆတ်ခနဲ သုတ်ပစ်လိုက်မိတယ်။

ပြီးတော့ ဟန်ဆောင်ကောင်းသူပီပီ အားယူကာပြုံးလိုက်မိတယ်။

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ဒေါ်မင်းထက်သာလွန်... ကျမနာမည် မိုးနှင်းဝေပါ"

လက်တစ်ဖက်ကမ်းပေးရင်း မှင်သေသေ နှုတ်ဆက်လိုက်တော့ သူမကလည်း ထိုလက်ကိုဆွဲယူပြီး ပြန်နှုတ်ဆက်တယ်။
"တို့ မင်းထက်သာလွန်ပါ... တွေ့ရတာ ၀မ်းသာပါတယ်"

"တွေ့ရတာတကယ် ၀မ်းသာရပါတယ် မင်းထက်သာလွန်... ကျမတို့ အသက်ရွယ်ချင်းကွာဟနေလို့ နာမည်ပဲခေါ်ရင် ရိုင်းမယ်ထင်လား"

"မိုးနှင်းဝေက နိုင်ငံတကာပတ်ပြီး စီးပွားရေးလုပ်လာတဲ့လူလို့ ကြားသိထားတဲ့အတွက်... နိုင်ငံတကာမှာ အသက်ရွယ်က စီးပွားရေးမိတ်ဆွေတွေအကြား သိပ်စိတ်ဝင်စားဖို့မကောင်းဘူးဆိုတာ သဘောပေါက်လောက်မှာပါ။ အသက်ကြီးကြီး၊ ငယ်ငယ် စီးပွားရေးအတူတူလုပ်ဖြစ်ကြပြီဆို အားလုံးက လုပ်ဖော်ကိုင်ဖက်တွေဖြစ်သွားတာပဲလေ..."

"ဟုတ်ပါပြီ။ ဒါဆို ဒီနေ့ကစပြီး ကျမ ဒေါ်မင်းထက်သာလွန်ကို မင်းထက်သာလွန်လို့ပဲ ခေါ်ပါတော့မယ်"

"အဆင်ပြေတာပေါ့... ကဲ အဲ့ဒါဆို ကျမတို့ ဒီနေ့ တွေ့ဖြစ်ရတဲ့ အကြောင်းအရင်းလေး ဆွေးနွေးလိုက်ကြမလား?"

"အိုကေလေ... ဆွေးနွေးတာပေါ့... ထိုင်ပါဦး မင်းထက်သာလွန်"

မိုးညွှန်ပြတဲ့ ထိုင်ခုံမှာ သူမက ကျော့ကျော့လေး ၀င်ထိုင်တယ်။

သူမပုံစံကြည့်ရတာ သိပ်ကို မှင်သေလွန်းနေတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် သူမဟာ မိုးကို တော်တော်လေးကို ပင်ပင်ပန်းပန်း၊ မျော်လင့်ကြီးစွာနဲ့ ရှာဖွေခဲ့ပုံပါပဲ။

နောက်ပြီး ပြန်မတွေ့လေ နာကျင်လေဖြစ်ပြီး ထိုစိတ်တွေက သူမကို ဒဏ်ရာဖြစ်စေခဲ့တယ်။

ဒီဒဏ်ရာတွေကြောင့် သူမ မိုးကိုနာကျဉ်းသွားတာ။

ရပါတယ်။

ကိုယ်က ပြုခဲ့သူပဲ။ ဒါပေမဲ့ ပြုတုန်းကလည်းနာကျင်ရတယ်၊ ခု ခံရမယ့်အလှည့်ကျတော့လည်း နာကျင်ရတယ်ဆိုတာ မိုးကလွဲပြီး ဘယ်သူများသိနိုင်မှာတဲ့လဲ။

သိပ်ကို ဖြူစင်ရိုးသားခဲ့တဲ့ သူမဟာ အခုတော့ သိပ်ကိုတည်ငြိမ်အေးစက်နေခဲ့ပြီ။

အလုပ်ကိစ္စဆွေးနွေးနေတဲ့ တစ်ချိန်လုံး အလုပ်ထဲကိုသာ အာရုံရှိနေပြီး မိုးကိုတစ်ချက်လေးမှ ကြည့်မလာခဲ့။

ဒါ့အပြင် မိုးရဲ့ ကော်ဖီဖျော်ပေးတာမျိုး၊ ကော်ဖီသောက်ပြီး Tissue ယူပေးတာမျိုးလုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် သာမာန်လိုပဲ တုန့်ပြန်ခဲ့တယ်။

တမူပိုထူးပြီးကြည်နူးဟန်လည်းမပြခဲ့။

မျှော်လင့်ချက်တော့ေ၀၀ါးဝါးပဲရှိတော့မှာလားလို့တောင်တွေးပြီး မိုးစိတ်ဓါတ်ကျမိတာအမှန်။

မိုးကသာ သူမအလှထဲနစ်မျောရင်း တစ်ချို့စကားလုံးတွေကို အမှားအယွင်းနဲ့ တုန့်ပြန်မိပေမယ့် သူမကတော့ တကယ့်ကို မှင်သေနေခဲ့တာ။

၂ ယောက်သား အလုပ်ကိစ္စကို ၂ နာရီကျော်လောက်ကြာအောင် ဆွေးနွေးခဲ့ပြီးနောက် နေ့လည်စာကို အတူတူစားဖို့ သူမက ဖိတ်ခေါ်ခဲ့တာ။

သူမရဲ့အေးစက်မှုကြောင့် မိုး နေ့လည်စာ မစားနိုင်တော့လို့ ငြင်းချင်တယ်။

ဒါပေမဲ့ သူမထပ်ပြီး စိတ်ဆိုးသွားမှာကြောက်လို့ နေ့လည်စာ အတူတူစားဖို့ လက်ခံလိုက်မိတယ်။

စားပွဲထိုးလေး လာချပေးတဲ့ အစားသောက်စာရင်းတွေရေးထားတဲ့ မီနူးစာအုပ်လေးကိုကြည့်ပြီး မိုးက သူမအတွက်ပါ မှာပေးဖို့ ကြိုးစားပေမယ့် သူမက လက်မခံခဲ့။

"ရတယ် မိုးနှင်းဝေ... တို့စားဖို့ တို့ဘာသာ မှာမယ်"

" MD... အဲ... မင်းထက်သာလွန် ဘာစားတတ်တယ်၊ ဘာကြိုက်တတ်တယ်ဆိုတာ သိနေသေးတဲ့အတွက်၊ မှတ်မိနေသေးတဲ့အတွက် မိုးမှာပေးမယ့်အစားစာကို မင်းထက်သာလွန် စားချင်မှာပါ"

"ဒါက မိုးနှင်းဝေရဲ့အတွေးလေ။ တို့အရင်က စားခဲ့တယ်၊ ကြိုက်ခဲ့တယ်ဆိုတဲ့အစားစာတွေကို တို့အခု ကြိုက်ချင်တော့မှ ကြိုက်မှာလေ။ လူတွေဟာ အချိန်မရွေး၊ စက္ကန့်မရွေးပြောင်းလဲတတ်တာပဲမဟုတ်လား"

သိပ်ကိုရင်းနှီးကျွမ်းဝင်ခဲ့ကြပြီးမှ အခုလို နာမည်ရင်းအပြည့်စုံတွေခေါ်နေရတာကိုပဲ မိုးနာကျင်လှပါပြီ။

"နောက်ပြီးတို့အရင်က ကြိုက်တယ်လို့ပြောခဲ့တဲ့စကားကလည်း လိမ်လည်ခဲ့တာဖြစ်ချင်ဖြစ်မှာပဲလေ... လူတိုင်းက မယုံကြည်ရဘူး မိုးနှင်းဝေရဲ့။ မင်းက အခု စီးပွားရေးလုပ်တော့မယ်ဆိုတော့ တစ်ခါတည်း သတိပေးလိုက်မယ်။ လူတိုင်းကို ကိုယ့်လိုပဲလို့တွေးပြီး မယုံမိစေနဲ့။ စုံလုံးကန်းတတ်တယ်"

နာကျင်စရာစကားလုံးတွေကို သွေးအေးအေးနဲ့ ပြောဆိုတဲ့ သူမစကားတွေကြောင့် မိုး အော်ဟစ်ငိုကျွေးချင်လာခဲ့တယ်။

ဒါ့ကြောင့် နေ့လည်စာကိုလည်း တို့ခနဲ ၊ ဆိတ်ခနဲသာ စားဖြစ်တယ်။

သူမကတော့ တကယ့်ကို မှင်သေသေနဲ့ နေ့လည်စာကို မြိန်ယှက်စွာစားနေသေးတာ။

နောက်တော့ နှစ်ယောက်သားနှုတ်ဆက်ပြီး လမ်းခွဲကြတယ်။

"အော် ... ဒါနဲ့ ကြုံတုန်းတခါတည်း ဖိတ်မယ်နော်။ လာမယ့် ၀ိအန့် (Weekend) မှာ တို့ကုမ္ပဏီရဲ့ပါတီရှိတယ်။ အခု မိုးနှင်းဝေနဲ့ အတူလက်တွဲပြီး လုပ်ကိုင်နေပြီမို့ တခါတည်း ဖိတ်လိုက်မယ်နော်။ အပမ်းမကြီးဘူး၊ အလုပ်မရှိဘူးဆို လာခဲ့ပါရှင့်။ နီးတဲ့အခါ ဖိတ်စာကို အီးမေးလ်နဲ့ပို့ပေးလိုက်ပါ့မယ်"

"ဟုတ်ကဲ့... လာဖြစ်အောင် လာခဲ့ပါ့မယ်ရှင့်"

မိုးဟာ တကယ့်ကိုနာကျင်ကြေကွဲစွာဖြင့် သူမနဲ့ လမ်းခွဲပြီး ပြန်ခဲ့လိုက်ရတယ်။

အပြန် ဘာမှမလုပ်နိုင်လို့ ရုံးကိုတောင် ပြန်မသွားတော့ပဲ အိမ်ကိုပဲ တန်းပြန်ခဲ့ရတယ်လေ။

-------------------------------------------------------

ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာတော့ သူမဟာ ငါ့ကိုချစ်နေဦးမယ်လို့ ယူဆချင်နေမိတယ်။

သူမရဲ့သွေးအေးမှုတွေက ဓါးထက်ထက်တွေလို  မိုးရင်ကို မွှန်းတယ်။ သွေးအလိမ်းလိမ်းထွက်စေတယ်။

ဒါလည်း မိုး သူမကိုချစ်နေသေးတယ်။

အင်းလေ... မိုးရဲ့လိမ်လည်ခြင်းကို သူမလည်း အကြိမ်ကြိမ်ခံခဲ့ရတာပဲ။

မိုးလည်း ဒီလောက်တော့ နာကျင်သင့်ပါတယ်လို့တွေးမိရင်းအားတင်းမိတယ်။

ဒါပေမဲ့ နေ့လည်စာစားရင်းတွေ့ခဲ့ရတဲ့ သူမရဲ့အပြုမူတွေ။ ဒါတွေဟာ သိပ်ကို အေးစက်ခိုင်မာလွန်းနေတယ်။

သူမကို ပြန်မှပိုင်ဆိုင်ခွင့်ရပါ့မလားလို့ သံသယတောင် ၀င်ချင်ချင်ဖြစ်လာရတယ်။

သေချာတာကတော့ မိုး သူမကို လိုချင်နေသေးတယ်။ မက်မောနေသေးတယ်။ ချစ်နေသေးတယ်။

ဒါမို့ နာကျင်နေလည်း ရှေ့ဆက်တိုးမယ်။

ကိုယ့်အပိုင်ဖြစ်ခဲ့ဖူးတာကို ပြန်ရအောင်ယူရမှာပဲလို့ စိတ်ထဲ တင်းထားမိတယ်။

ဒါ့ကြောင့် သူမ ဖိတ်ခဲ့တဲ့ ပါတီသို့ မိုးအလှဆုံးပြင်ဆင်ပြီး သွားဖို့ ဆုံးဖြတ်လိုက်တယ်။

ဘုရားမှာ ဆုတောင်းတတ်လေ့မရှိတဲ့မိုးဟာ သူမရဲ့စိတ်ထဲ မိုးကို နေရာလေးပြန်ပေးဖို့ တိတ်တဆိတ်ဆုတောင်းနေမိပြီ။
သူမမှာ တခြားချစ်သူတွေဘာတွေများရှိနေပြီလား။

ဘုရား... ဘုရား။

ထိုအတွေးနဲ့တင် လူက လက်ဖျားတွေအေးစက်လာပြီး မူးလဲချင်လာတယ်။

ဘာပဲဖြစ်ဖြစ် မရှိလောက်ပါဘူးလေဆိုပြီး အားပြန်တင်းတယ်။

စိတ်နာနေတာပဲဖြစ်ပါစေလို့ အကြိမ်ကြိမ်ဆုတောင်းနေမိတာ။

-------------------------------------------------------


ပါတီပွဲည။

အနက်ရောင်ပါတီဝတ်စုံ ပိုးကတ္တီပါသားကို လယ်ဟိုက်ဟိုက်ဝတ်ဆင်ကာ ပုလဲလုံးလေးများဖြင့် စပ်ယှက်အလှဆင်ပြီး မိုးဆင်မြန်းခဲ့တယ်။

အရင်တည်းက ဘိုဆန်ဆန်လှတတ်တဲ့ မိုးနဲ့ ထိုဝတ်စုံလေးက လိုက်ဖက်ကျော့ရှင်းလွန်းတယ်။

ဆံပင်ခွေခွေတွေကို ခပ်မြင့်မြင့်လေး တင်စီထားလို့ အခွေလိုက်ကျနေတဲ့ တစ်ချို့ဆံသားလေးတွေက မိုးရဲ့ လည်ဂုတ်နဲ့ နားထင်တို့မှာဝေ့၀ဲနေတယ်။

ဖိနပ်ကတော့ စီးနေကျ ဒေါက်ဖိနပ် အနီရောင်ရင့်ရင့်။

အရင်တည်းက ပိုက်ဆံအိတ်လွယ်ရတာကို မကြိုက်တတ်သူပီပီ Gucci ပိုက်ဆံအိတ် အသေးတစ်လုံးကိုသာ ကောက်ကိုင်ခဲ့လိုက်တယ်။

သူမ ပါတီထဲ လျှောက်ဝင်သွားတာနဲ့ ပုရိသတွေရဲ့အကြည့်တွေသာမက တို့ချို့မိန်းကလေးတွေရဲ့အကြည့်တွေပါ သူမဆီရောက်နှင့်လာတယ်။

ဒါဟာ ထုံးစံမို့ သူမအတွက် သိပ်မထူးဆန်း။

ဒါပေမဲ့ ထူးဆန်းတာက ပါတီအလယ်မှာရှိနေတဲ့ အဆင့် ၆ ဆင့်လောက်မြင့်တဲ့ ကိတ်မုန့်ကြီးဘေး၊ ရှန်ပိန်ခွက်ကို ကိုင်ပြီး အနီးက လူ ၃ ဦးနဲ့ ပြုံးရယ်ကာ စကားပြောနေတဲ့ သူမ။

သူမဟာ တကယ်ပဲ မိုးကို မလိုအပ်တော့တာလားဟင်။

သွေးအေးပိရိစွာဖြင့်  ပါတီကို ကျင်းပနေတဲ့ သူမဟာ ခါတိုင်းထက်ပိုပြီး လှပနေခဲ့တယ်။

"၃ နှစ်ကျော်"ကာလအတွင်း သူမဟာ အသက်ရွယ်ကြီးရင့်လာခြင်းမရှိသလို ပိုပြီးတောင် နုနယ်ချောမောလာခဲ့တာ။

တစ်ချိန်က ပိုင်ဆိုင်ဆော့ကစားခဲ့ဖူးတဲ့ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းဟာလည်း တင်းတင်းရင်းရင်းရှိနေဆဲ။
မိုးကို ဆွဲဆောင်နိုင်မှုရှိနေဆဲ။

မိုး သူမကို ဟန်တောင်မဆောင်နိုင်တော့ပဲ အားရပါးရ စိုက်ကြည့်ရင်း အနားက ဖြတ်သွားတဲ့ စားပွဲထိုးလေးရဲ့ လင်ဗမ်းပေါ်က ရှန်ပိန်တစ်ခွက်ကို လှမ်းယူလိုက်မိတယ်။

ရှန်ပိန်ကို တစ်ငုံခန့်သောက်ကာ အရဲတင်လိုက်ရင်း မိုး သူမအနားသို့ လျှောက်လှမ်းသွားမိတယ်။

"Good Evening ပါ မင်းထက်သာလွန်"

ကျောဖက်က မိုးနှုတ်ဆက်လိုက်တာနဲ့ သူမ ဆတ်ခနဲ လှည့်ကြည့်လာတယ်။

မိုးကိုမြင်တော့ သူမ ဆတ်ခနဲ ငြိမ်သက်သွားပေမယ့် အပြုံးတစ်ခုကို ချက်ချင်း ပန်ဆင်လိုက်တယ်။

"အိုး... မိုးနှင်းဝေ... ရောက်လာတာပဲ"

"Congratulation ပါ မင်းထက်သာလွန်... မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် စီးပွားရေးလောကမှာ အချိန်ကြာကြာ ရပ်တည်အောင်မြင်နေတဲ့အတွက် တကယ့်ကို ဂုဏ်ယူ အားကျမိပါတယ်"

"အင်း အရင်က ဒီအောင်မြင်မှုကို တစ်ယောက်တည်း ကြိုးစားခဲ့ရလို့ ပင်ပန်းခဲ့ပေမယ့် အခုတော့ အဆင်ပြေနေပါပြီ..."

"အဆင်ပြေတယ်ဆိုတာ တစ်ယောက်တည်းမဟုတ်တော့လို့လား... ဒါမှမဟုတ် တစ်ယောက်တည်းနေရတာကို ကျင့်သားရသွားလို့လား"

"အဟက်"

ရင်တုန်၊ စိုးရိမ်စွာမေးလိုက်တဲ့ မိုးမေးခွန်းကို သူမက ချက်ချင်းမဖြေပဲ ဟန်ပါပါ တစ်ချက်ရယ်လိုက်တယ်။

ပြီးတော့ ကိုင်ထားတဲ့ သူမရဲ့ ရှန်ပိန်ခွက်နဲ့ မိုးရှန်ပိန်ခွက်ကို လာတိုက်ပြီး ချီးယားစ်လုပ်တယ်။

"တို့မှာ ပါရမီဖြည့်ဖက်ရှိနေပြီလေ... အော် သူလည်းရှိနေတယ်။ မိတ်ဆက်ပေးမယ်နော်"

မထင်မှတ်စွာကြားလိုက်ရတဲ့ မင်းထက်သာလွန်ရဲ့စကား။

နားအနီးသို့ကပ်ပြီး ကြေးစည်အကြီးကြီးကို ထုလိုက်သလို ထူဝေသွားရတယ်။

မိုက်ခနဲဖြစ်သွားတဲ့ ခံစားချက်ကြောင့် ရှန်ပိန်က ပြင်းလိုက်တာလို့ ယူဆလိုက်မိသေးတာ။

လက်ဖျားတွေ အေးစက်သွားပြီး ကိုင်ထားမိတဲ့ ရှန်ပိန်ခွက်ကိုပင် မနိုင်ချင်တော့။

"အော်... ဟိုမှာ သူ... ကြုံတယ်။ တခါတည်းမိတ်ဆက်ပေးမယ်"

မေးလေးကို ဟန်ပါပါငေါ့ရင်း အပြုံးသားနဲ့ပြောလိုက်တဲ့ သူမရဲ့ ရည်ရွယ်ရာ လားရာဆီသို့ လှမ်းကြည့်လိုက်တော့ စတိုင်ပန်အနက်နဲ့ ကုတ်အဖြူကို စမတ်ကျကျဝတ်ဆင်ထားတဲ့၊ ဖြောင့်စင်းနေတဲ့အနက်ရောင်ဆံပင်တွေကို ဒီအတိုင်း ဖားလျားချထားတဲ့၊ လက်ကြားထဲမှာ စီးကရက်ကို ဟန်ပါပါညှပ်ရင်း ၀ီစကီခွက်ကို ကိုင်ထားတဲ့၊ ခြေလှမ်းကျယ်ကျယ်လှမ်းတတ်တဲ့ အမျိုးသမီးတစ်ယောက်ကို မိုး မမြင်ချင်စွာဖြင့် မြင်တွေ့လိုက်ရတယ်။

အရပ်အမောင်းက မိုးနဲ့တန်းတူလောက်ရှိနိုင်တယ်။

ဒါပေမဲ့ မျက်နှာပေါက်ကတော့ မိုးနဲ့ဆန့်ကျင်စွာဖြင့် ထိုအမျိုးသမီးငယ်ဟာ ဂျပန်လိုလို ကိုရီးယာလိုလိုပုံစံမျိုး။

နှုတ်ခမ်းနီခပ်ပုတ်ပုတ်အရောင်ကိုဆိုးထားပြီး မျက်ဝန်းတွေက သာမာန်ထက် မဲနက်ထင်ပေါ်နေတယ်။

နှာခေါင်းက မိုးလို အနောက်တိုင်းဆန်ဆန် ချွန်ထက်နေတာမျိုးမဟုတ်ပေမယ့် နှာတံကိုမြင့်တယ်လို့ ဆိုနိုင်တယ်။

ပြောင်လက်နေတဲ့ ရှူးဖိနပ်ကိုကြည့်ခြင်းအားဖြင့် ထိုမိန်းကလေးက တော်တော်လေး စမတ်ကျ၊ သပ်ရပ်တယ်လို့ ကောက်ချက်ချလို့ရတယ်။

"ဟန်နီ... လာပါဦး။ ဒါတို့မိတ်ဆွေ။ မိုးနှင်းဝေတဲ့။ တို့Company က ထုတ်တဲ့အုတ်တွေကို ဒိုင်ခံဖြုန်းပေးနေတဲ့ သာလွန်ဆောက်လုပ်ပေးလုပ်ငန်းစုပိုင်ရှင်ပေါ့"

သူမရဲ့ ဟန်နီလို့ခေါ်လိုက်သံကို မိုးခပ်ရေးရေးသာ ကြားလိုက်နိုင်တော့တယ်။

ဒါဟာ ထိုမိန်းကလေးရဲ့နာမည်လား၊ ဒါမှမဟုတ် သူမက ချစ်စနိုးခေါ်တဲ့နာမည်လား။

တွေးရင်းနဲ့ ရင်ဘတ်ထဲ တဆစ်ဆစ်။

"တွေ့ရတာ ၀မ်းသာပါတယ်၊ တို့နာမည် အယ်လီယာနာပါ"

အော... ဟန်နီဆိုတာ သူမက ချစ်စနိုးနဲ့ခေါ်တဲ့ နာမ်စားကိုး။

ထိုအတွေးနဲ့တင် အခုနလည်း နှလုံးသားတွေ ဆတ်ဆတ်ခါ နာကျင်ခဲ့ရတော့...
အကြားအာရုံတွေလည်းေ၀၀ါးနေတော့...
အမြင်အာရုံကလည်း ချာချာလည်နေပြီဆိုတော့...

အယ်လီယာနာ ကမ်းပေးတဲ့ လက်ကိုတောင် လှမ်းမကိုင်လိုက်ခင်မှာပဲ မိုးဟာ သူမရဲ့ပါတီအလယ်မှာ ရုပ်ပျက်ဆင်းပျက် မူးကာ လဲကျသတိလစ်မျောသွားခဲ့ရပြီလေ။

"ဟယ်... လုပ်ကြပါဦး... ဒီမှာ မူးလဲသွားလို့"

"ဟဲ့ ဘယ်သူလဲ..."

"အော် လုပ်ပါဦး။ အခုန ဗိုလ်မရုပ်လိုကောင်မလေး မူးလဲသွားတယ်..."

"ဘယ်လိုဖြစ်တာလဲဟင်?"

"ခေါ်ပါဦး အရေးပေါ်ကားကို..."

"တစ်ယောက်ယောက် ကူညီကြပါဦး"

အကြားအာရုံထဲ ရေးတေးတေးနဲ့ ဆူလောင်စွာကြားလိုက်ရတဲ့ အသံများ။

ဒါပေမဲ့ မိုးစိတ်လျော့လိုက်မိတယ်။

အို...အရင်က သိပ်ကိုကြံခိုင်မာကျောခဲ့တဲ့မိုးဟာ သူမအနားမှာ တခြားတစ်ယောက်ရှိတယ်ဆိုတာသိလိုက်ရတော့ ဒီလောက်တောင် ပျော့ညံ့သွားတယ်တဲ့လား။

အင်းပေါ့လေ... ဘယ်သူမဆိုပါ... အချစ်နဲ့တွေ့ရင်တော့ နူးညံ့နာကျင်ကြေကွဲတတ်ကြတာပါပဲ။

မိုးလည်းလူသားပါ။

နာကျင်တတ်တဲ့ အသည်းနှလုံးပါပါတယ်။

မိုးအလှည့်တုန်းကို မိုးတွေသည်းနေအောင်သာရွာခဲ့တာ၊ သူမအလှည့်ကျတော့ မိုးကြိုးတွေ လျှပ်စီးတွေပါ ကပ်ပါလာသတဲ့လား။

လေဒီရှူးအနီနဲ့... ကောင်မလေးWhere stories live. Discover now