36

274 50 8
                                    

UNICODE

ရုံးခန်းသို့ တစ်ကိုယ်တည်း ပြန်လာပြီးလျှင် ရှဝမ်နန် အလုပ်စားပွဲမှာ ထိုင်ကာ ပန်းစည်းထဲမှ ချောကလက်တစ်လုံးကို ဆွတ်၍ အခွံခွာကြည့်သည်၊ ထို့နောက် အနံ့ခံကြည့်လိုက်၏။ ချောကလက်လုံးမှ အနံ့က သိကျွမ်းပြီးသားဖြစ်ပြီး ဟော့ယွီဖုန်း၏ ဖယ်ရိုမုန်းရနံ့နှင့် ဆင်တူနေသယောင်။ သို့သော် တစ်ထပ်တည်းတူညီတာတော့ မဟုတ်။

ရှဝမ်နန် တစ်စက္ကန့်လောက် တွေဝေနေပြီးမှ WeChat contact ကတစ်ဆင့် 'Chocolate Truffle'ဟူသောအကောင့်ကို ရှာကာ အကဲစမ်းပို့လိုက်သည်။

/ချောကလက်လုံး?/

တစ်ခဏကြာသော် ဟော့ယွီဖုန်းဘက်မှ ပြုံးနေသော reaction နှင့်အတူ စာပြန်လာ၏။

/မင်း အဲဒါတွေ ရပြီးပြီလား/

/တကယ်ပဲ ခင်ဗျား ပို့တာပေါ့/

/မင်းပဲ ချောကလက်လုံးတွေက အရသာရှိတယ်ဆို/

ရှဝမ်နန် ပန်းစည်းကို ဓာတ်ပုံရိုက်ပြီး ဟော့ယွီဖုန်းဆီ ပို့လိုက်၏။

/ဒါက နည်းနည်းတော့ သိပ်မများဘူးလား/

/........./

တစ်ခဏကြာမှ ဟော့ယွီဖုန်းက အသံမက်ဆေ့ခ်ျပို့လာခဲ့သည်။

“ဆောရီး၊ ကိုယ့်လက်ထောက်ကို စီမံခိုင်းလိုက်တာ၊ တကယ်က ချောကလက်တစ်ဘူး‌လောက် ပို့ချင်ရုံပါပဲ..ကိုယ့်လက်ထောက် ဒီလောက်ထိ ချဲ့ကားလိုက်လိမ့်မယ်လို့ မထင်မိဘူး၊ မင်းကို အခက်တွေ့စေမိသလား/

ရှဝမ်နန် ကိုယ့်ဆံပင်ကိုယ် လက်နှင့် ဆွဲဆုပ်မိသည်။ သူ့ကို အခက်တွေ့စေလားဆိုတော့...အဲ့လိုလည်း မဟုတ်ပြန်။ သူက လူတွေဆီမှာ အာရုံစိုက်ခံရတဲ့ ခံစားချက်ကို အဲ့လောက်ထိ မထက်သန်ရုံ။ တစ်ချက်တွေးကြည့်ပြီးနောက် သူ မင်လုချွမ်းကိုပဲ ဆင်ခြေသုံးဖို့ ဆုံးဖြတ်လိုက်သည်။

/မင်လုချွမ်း အထင်လွဲသွားမှာကို ကျွန်တော် စိုးရိမ်တာပါ၊ အဲဒါပဲ/

/ဆောရီးပါ/

ဟော့ယွီဖုန်းက လှိုက်လှိုက်လှဲလှဲတောင်းပန်နေသလိုပါပင်။

ဘာပြောရမှန်း မသိတော့သဖြင့် ရှဝမ်နန် ’ရပါတယ်’ဟူသော reaction ကို ရှာ၍ ပို့ပြီးနောက် စကားလက်စသတ်လိုက်တော့သည်။

နောက်ပြန်လှည့်ရန် လမ်းမရှိ || ဘာသာပြန်Where stories live. Discover now