နှင်းဆီပုံပြင် (၃)

10.2K 933 28
                                    

စားသောက်ဆိုင်တစ်ခုလုံးအား အသားကင်အနံ့နှင့် ဆိုဂျူနံ့တို့ရောထွေးနေသော ရနံ့တစ်ခုက လွှမ်းခြုံနေခဲ့သည်။ ကျွန်မတို့မေဂျာ၏ စီနီယာများနှင့် ဂျူနီယာများပေါင်း၍ ညစာလာစားကြခြင်းဖြစ်သည်။ စားပွဲတိုင်း စားပွဲတိုင်းတွင် တစ်ယောက်တစ်ပေါက်ပြောနေကြသော ပြောဆိုငြင်းခုံသံများဖြင့် စားသောက်ဆိုင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေခဲ့သည်။ လူအယောက်နှစ်ဆယ်လောက်ရှိသော ကျွန်မတို့ဝိုင်းတစ်ဝိုင်းနှင့်ပင် အတော်ဆူညံနေပြီဖြစ်သည်။ စားသောက်ဆိုင်ထဲတွင် ထိုင်ခုံမရှိပေ။ ကြမ်းပြင်ပေါ်တွင်ထိုင်၍ ခပ်နိမ့်နိမ့်ခင်းထားသော စားပွဲအလယ်တွင် အသားကင်ဒယ်ပြားကြီးတစ်ခုကိုချ၍ စားသောက်ရခြင်းဖြစ်သည်။ ပြောတော့သာ ညစာလာစားခြင်းဖြစ်သော်လည်း ဒါသည်လည်း လူမှုရေးပွဲတစ်ခုပင်ဖြစ်သည်။ နဂိုကျွန်မစရိုက်နှင့်သာဆိုလျှင်တော့ ဒီလိုနေရာမျိုးကို အသာရှောင်ထွက်လာမည်ဖြစ်သော်လည်း ဒီမှာတော့ စီနီယာများကို ကြောက်ရလှသည်။ ဒီလိုပွဲများကိုလိုက်မလာလျှင် အပေါင်းအသင်းမရနိုင်သည်ကတစ်ကြောင်းဖြစ်သော်လည်း စီနီယာများ၏ မျက်စိစပါးမွှေးအစူးခံထိမည်ကို ကြောက်ရသည်ကတစ်ကြောင်းဖြစ်သည်။

ကျွန်မတို့မေဂျာတွင် နိုင်ငံခြားသားများ များပါသည်။ ကိုးရီးယားယဉ်ကျေးမှုကို ကောင်းကောင်းနားမလည်သေးသော နိုင်ငံခြားသားများသာ များသဖြင့် ရှိသောကိုးရီးယားလူမျိုး ဂျူနီယာများကသာ စီနီယာများ၏အောက်ခြေသိမ်းလုပ်ပေးရင်း ဗျာများနေကြသည်။

အခုလည်း ကြည့်ပါ။ ဂျွန်ဟိုနှင့် ဂျူယောင်းတို့က ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေးနှင့် ခုထိ တစ်လုပ်မှစားရသေးသည့်ပုံမပေါ်ပေ။ သူတို့က အဲဒီလိုလုပ်နေတော့ ကျွန်မလေးယောက်လည်း စားသမျှအစားအားလုံးက ပါးစပ်ကဝင်သွားလား နှာခေါင်းကဝင်သွားသလား မသိနိုင်အောင်ပင် အနေကြပ်လှသည်။ ကျွန်မတို့လေးယောက်ဆိုသည်မှာ ကျွန်မနှင့် မြန်မာနိုင်ငံမှတူတူရောက်လာကြသော ဆုမွန်နှင့် ဝတ်ရည်။ ထို့နောက် ကျွန်မ၏အခန်းဖော် အမေရိကန်မလေး ရေချယ်ပင်ဖြစ်သည်။ ယောက်ျားလေးဟူ၍ ဂျွန်ဟိုတစ်ယောက်ပါနေ၍သာ တော်သေးတော့သည်။ စီနီယာများ၏အရစ်ဒဏ်ကို ကျွန်မတို့ချည်းသာခံရမည်ဆိုလျှင် တွေးပင်မတွေးဝံ့ပေ။ အခုလည်း အတန်ငယ် ရီဝေဝေဖြစ်နေကြပြီဖြစ်သော စီနီယာများအား ဂျွန်ဟိုကမနည်းချော့မော့နေလေသည်။

နှင်းဆီပုံပြင်Where stories live. Discover now