နှင်းဆီပုံပြင် (၆)

9.8K 954 101
                                    

တက်ကြွမြိုင်ဆိုင်သော ဂီတစည်းချက်သံ တဒုန်းဒုန်းနှင့်အတူ ငယ်ရွယ်ချောမောသော လူငယ်ရှစ်ယောက်တို့က နီယွန်မီးရောင်တို့ဖြင့် တလက်လက်တောက်ပနေသော စင်မြင့်ထက်တွင် အားမာန်အပြည့်နှင့် ညီညာသွက်လက်စွာ ကပြဖျော်ဖြေနေကြသည်။ လွန်ခဲ့သောတစ်နာရီခန့်က ကျွန်တော်တို့နားနေခန်းသို့ဝင်လာပြီး ခါးကျိုးမတတ် ခေါင်းငုံ့၍နှုတ်ဆက်သွားသော မနေ့တစ်နေ့ကမှ Debut လုပ်ထားသည့် တက်သစ်စအဖွဲ့တစ်ဖွဲ့ပင်ဖြစ်သည်။ သူတို့ကိုမြင်သောအခါ ကျွန်တော်တို့အဖွဲ့ Debut လုပ်ပြီးကာစအချိန်ကို သွားသတိရမိလိုက်သည်။ Senior ကြီးများ၏ နားနေခန်းများအား တစ်ခန်းဝင်တစ်ခန်းထွက် လိုက်လံနှုတ်ဆက်၍ CD ခွေများကို ကမ်းပေးခဲ့ရသည်က မနေ့တစ်နေ့ကလိုပင်။ အပြိုင်အဆိုင်များ၊ မနာလိုကုန်းထိုးမှုများကြား မနားမနေကြိုးစားရင်း နယ်မြေတစ်ခု၌ ပြိုင်ဘက်ကင်းနေရာတစ်နေရာကို ရရှိလိုက်ချိန်တွင် ကျွန်တော်တို့ကိုယ်၌ပင် သတိမထားမိလိုက်ဘဲ အများမှလေးစားဦညွတ်ရသည့် Senior နေရာသို့ရောက်ရှိနေပြီဖြစ်ပြီး လေးနှစ်တည်းဟူသောအချိန်တို့က မျက်စိတစ်မှိတ်အတွင်းတွင် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

စင်ပေါ်မှကောင်လေးများ အစမ်းလေ့ကျင့်နေကြသည်ကို အကဲခတ်ရင်း စိတ်ထဲမှ တော်တော်မဆိုးဘူးဟု တွေးလိုက်မိသည်။ အရွယ်ရောက်ပြီးကာစ လူငယ်များဖြစ်သောကြောင့် ကကွက်များကအားပါသည်၊ အဖွဲ့ဝင်အရေအတွက် များပြားသည်ကိုအသုံးချ၍ ကကွက်ပုံစံအမျိုးမျိုးထွင်ကာ လျင်မြန်သွက်လက်စွာ အပြောင်းအလဲလုပ်ရင်း ကပြနေသောကြောင့် အမြင်ဆန်းသည်။ ထို့နောက် အရေးအကြီးဆုံးအချက်တစ်ချက်က အသံနိုင်သည်။ အနည်းငယ်ကြမ်းတမ်းသည်ဟုပင်ဆိုနိုင်သော ကကွက်အပြောင်းအလဲများကြားတွင်ပင် အသံတစ်ချက်ယိုင်မသွားပေ။ နာမည်ကြီးလာရန် အချိန်သိပ်ကြာမည်ဟုမဟုတ် တွေးလိုက်မိရင်း ဘေးမှ Suho Hyung နှင့် Baekhyun တို့ကိုလှမ်းကြည့်လိုက်တော့ သူတို့ကလည်း မခေဘူးပဲဟူသောအကြည့်တို့ဖြင့် စင်ပေါ်သို့လှမ်းကြည့်နေကြသည်။ ကျွန်တော်တို့အဖွဲ့ အခုလေးတင် အစမ်းလေ့ကျင့်ပြီးသွားပြီဖြစ်သော်လည်း သွားမနားနိုင်သေးပါ။ အလုပ်သဘောအရ အခြားအဖွဲ့များ၏ ကကွက်၊ ဝတ်စားဆင်ယင်ပုံတို့ကို အမြဲပင် မျက်ခြေမပြတ်စောင့်ကြည့်လေ့လာနေရသည်။ နောက်ဆုံးတီးလုံးသံနှင့်အတူ ခပ်မိုက်မိုက် Pose တစ်ခုဖြင့် ကောင်လေးတို့က သီချင်းကိုအဆုံးသတ်လိုက်သည်။

နှင်းဆီပုံပြင်Where stories live. Discover now