Ep(13)(zawgyi & unicode)

17.7K 1.3K 22
                                    

ရန်ကုန်နှင့်မတူကွဲပြားစွာ ကျေးလက်ဒေသလေးတွေ၏ညနေဆည်းဆာသည် လွန်စွာကြည်နူးဖွယ်ကောင်းလှသည်။ ရေအိုးလေးတွေ ခေါင်းပေါ်ရွက်ကာ ရေခပ်ဆင်းမည့်မိန်းမပျိုလေးများကို ကာလသားများက သီချင်းလေးတွေဆိုညည်းကာ စနောက်ကြသည်။

"ညနေ နေရီ နေရီ ရေခပ်ချိန်လေးနီးလာပြီ ညနေ နေရီ နေရီ ရေခပ်ချိန်လေးနီးလာပြီ...."

ကလေးတွေနှင့်အတူဆော့ကစားနေသည့် သန့် မျက်နှာဆူပုတ်ကာ သျှားထိုင်နေသည့်ခုံတန်းပေါ်သို့ရောက်လာသည်။ သျှားမှာမနေနိုင်စွာ သန့်ကိုမေးမိတော့သည်။

"ကလေးတွေနဲ့ သွားမဆော့ပေးတော့ဘူးလား"

"သျှား ငါစိတ်တိုနေတာနော် မနောက်နဲ့"

"ငါပြောတဲ့စကားထဲ မင်းကိုနောက်တဲ့စကားပါလို့လား သန့်"

"မသိဘူးကွာ ငါအဲ့သီချင်းကြားရင် အလိုလိုစိတ်တိုတာ။ တောက် ဘယ်ဘဝကရေစက်တွေလဲ မသိဘူးကွာ"

"သန့်ရာ မင်းရွာမှာနေရင်တော့ သူ့သီချင်းတွေပဲကြားရမှာပေါ့"

"ငါရွာမှာနေတာ ဟုတ်တယ်။ ဒါပေမဲ့ ဒီကောင့်သီချင်းသံမကြားချင်ဘူး။ သူ့သီချင်းသံနားထောင်ရမယ့်အစား ဒေါ်မေရှင်သီချင်းပဲ နားထောင်လိုက်မယ်"

"အဟား အလာကြီးပါလား။ မင်းကဒေါ်မေရှင်ကို သိတယ်ပေါ့။ သန့် မင်းသူများတွေသာ ကွက်ကျော်ရိုက်လို့ရရင်ရမယ် ငါ့ကိုတော့ကွက်ကျော်ရိုက်လို့မရဘူး"

"မယုံလဲနေကွာ"

ကလေးမချစ်တတ်သည့်သန့် ညစ်ပေနေတဲ့သူတွေနဲ့ဆို ခပ်တန်းတန်းနေတတ်သည့်သန့် ဒီရွာက ကလေးတွေနဲ့မှ သူ့မာနတွေခဝါချတယ်ပြောရလေမလား။ ညောင်ပင်ကြီးအောက်မှာ ကလေးတွေနဲ့အပြိုင် ဆော့နေတာများ ကြည့်လို့တောင်ကောင်းသေးသည်။

မြေကြီးပေါ်မှာဆို အခင်းတစ်ခုခုမပါဘဲ မထိုင်တတ်တဲ့သန့်က ခုများတော့ ဘာအခင်းမှမပါဘဲ ကလေးတွေနဲ့ဝိုင်းထိုင်ကာ ဆော့ကစားနေလေသည်။ လမ်းလျှောက်တတ်ခါစ ကလေးလေးဆို သူ့ကျောပေါ်ကိုအတင်းတွေခွတက်နေပြီး တက်မရသည့်အဆုံးမှာမှီရာလှမ်းဆွဲရင်း နောက်ဆုံးသူ့ဂုတ်ပေါ်မှာအခန့်သားထိုင်နေလေသည်။

Kiss ThiefWhere stories live. Discover now