ELDO -2

1.1K 91 19
                                    

သီတင်းကျွတ်ကျောင်းပိတ်ရက်များတွင် အိမ်က နိုးကို နောက်နှစ်အတွက် အဆောင်ထားရန်စီစဉ်နေသည်။ ရှစ်တန်းအစိုးရစစ်တောင် ကျန်သေးတာကို ကိုးတန်းကျောင်းသူဖြစ်လာတော့မည်တဲ့။ ဘယ်အဆောင်ထားထား နေရမှာပဲမို့ ဒါကနိုးအလုပ်မဟုတ်။ နိုးအလုပ်က ဖတ်ပြီးသွားသော ကာတွန်းရုပ်ပြစာအုပ်များကို ပြန်အပ်ရန်ပင်။

အဖေ့အိတ်ထဲမှ ပိုက်ဆံနှစ်ရာကို နှိုက်ယူခဲ့ပြီး နိုးနိုး အိမ်မှထွက်လာခဲ့သည်။ စာအုပ်အငှားဆိုင်က ရပ်ကွက်ကြားထဲဖြစ်၍ အိမ်နှင့် သိပ်မဝေးပါ။ ငါးမိနစ်ခန့်လမ်းလျှောက်ရုံဖြင့် ရောက်သည်။

အနံကျဉ်းကျဉ်း အလျားရှည်ရှည်ဖြင့် ဆောက်ထားသော ပျဉ်ထောင်နှစ်ထပ်အိမ်ကလေးသည် နိုးတို့ရပ်ကွက်၏ တစ်ခုတည်းသော စာအုပ်အငှားဆိုင်ဖြစ်သည်။ စာအုပ်ဆိုင်ရှေ့တွင် တစ်ခါတရံအဖွားကြီးတစ်ယောက် ထိုင်နေတတ်ပြီး တစ်ခါတစ်ရံတော့ အိမ်ရှင်ဦးလေးကြီးထိုင်နေတတ်သည်။ မိသားစု စုံစုံလင်လင်ဆိုသည့် ဝေါဟာရကြွယ်ဝသော စာအုပ်ဆိုင်သည် နိုးရောက်လာတိုင်း အမြဲဖော်ဖော်ရွေရွေဖြင့် ကြိုဆိုတတ်သည်။

သို့သော် ဒီနေ့မှာတော့ အိမ်ရှေ့တွင် ဘယ်သူမှထိုင်မနေသဖြင့် နိုး ခပ်လှမ်းလှမ်းမှကြည့်ရင်း မျက်မှောက်ကျုတ်သွားရသည်။

“ညနေတိုင်း ထိုင်နေကျပါ။”

နိုး ဆိုင်အတွင်းထဲဝင်လိုက်တော့ ကောင်တာစားပွဲတွင် အကိုကြီးတစ်ယောက် စာဖတ်နေသည်ကို တွေ့လိုက်ရ၏။ အိမ်ရှင်ရဲ့ သားဖြစ်မည်ဟု ထင်လိုက်၍ နိုး နာမည်ခေါ်အံ့ဆဲဆဲ ဖတ်လက်စ စာအုပ်ကိုစားပွဲပေါ် ချကာ ပြုံးပြလာသော သူသည်… နိုးနိုး၏ နတ်သားလေးပင်ဖြစ်သည်။

"စာအုပ်အပ်ဖို့လား။"

စမ်းချောင်းမှ စီဆင်းနေသော ရေပင် ထိုစကားသံများလောက် ကြည်လင်ခြင်းရှိမည်မထင်။ နေ့ခင်းဘက်မှာ ပို၍သိသာသော ထိုသူ၏ ဖြူဖွေးသော အသားအရောင်ကြောင့် နိုး၏ ညိုသော အသားအရည်သည် ပိုမိုညစ်လာသလို။

"ဦးလေးတို့ရော..."

စာအုပ်များကို စားပွဲပေါ်တင်လိုက်ရင်း နိုး မရဲတရဲ စကားဆိုမိသည်။

"ELDO"Where stories live. Discover now