ELDO -The End

876 117 52
                                    

နိုး အသက်ပိုကြီးလာတာနဲ့အမျှ ၊ ပတ်ဝန်းကျင်ထဲ ခြေဆန့်ရသည်နှင့်အမျှ အစ်ကို့ထက် ကြည့်ကောင်းသောအမျိုးသားများကို တွေ့ခဲ့ပေမယ့် အစ်ကိုတစ်ယောက်တည်းအပေါ်သာ ဒီခံစားချက်ဖြစ်ခဲ့သည်မှာ သေချာပါသည်။ အံ့သြမှုတွေရောပြွန်းနေတဲ့ အထင်ကြီးမှုနဲ့ မြတ်နိုးမှု ဒါက အစ်ကိုမှမဟုတ်ရင် နောက်တစ်ယောက်ဆီမှာ နောက်တစ်ကြိမ် ထပ်မဖြစ်နိုင်တော့ပါ။

လက်ချောင်းများကို ချိုးရေကြည့်တော့ ရှစ်နှစ်...

"ရှစ်နှစ်တောင် ရှိခဲ့ပြီပဲ။"

မျက်လွှာများကို ချပြီး ခပ်တိုးတိုးရွတ်မိသည်။ အစ်ကိုနဲ့ မတွေ့တော့တာ ရှစ်နှစ်တောင် ရှိခဲ့ပြီဖြစ်သည်။ မိုးစက်များကို ပို၍အသေးစိတ်ကျအောင် ကြည့်နေရင်း သက်ပြင်းချလိုက်မိ၏။ အစ်ကို့အကြောင်းစဉ်းစားတိုင်း ရင်ခုန်သံသည် ရေစီးကြောင်း၏ သံစဉ်ကဲ့သို့ ငြင်သာစွာ စီးဆင်းနေဆဲပင်။

နိုးနိုး ဆယ်တန်းဖြေပြီးတော့ ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လည်း ပိတ်သွားခဲ့ပြီဖြစ်သည်။ အစ်ကို့အမေဆုံးသွားသည့် အကြောင်းကိုလည်း နိုး အတော်လေး နောက်ကျမှသိခဲ့ရသည်။ အစ်ကိုက ရန်ကုန်မှာပဲဆိုသည်ကိုလည်း သူများပြော၍သာ သိရသည်။ အစ်ကို ဘာတွေလုပ်နေမလဲ၊ အဆင်ပြေရဲ့လား၊ နေလို့ရော ကောင်းရဲ့လားဆိုတာ ဘာတစ်ခုမှ မသိသလို မျက်နှာပြောင်တိုက်၍လည်း ဘယ်သူ့ဆီမှာမှ မစုံစမ်းရဲခဲ့ပါ။ နိုးဆုတောင်းသည် အစ်ကို ပိုင်းလုံးဟူသည့်အလုပ်ကို မလုပ်တော့ရန်ဖြစ်သည်။ ထိုဆုတောင်းသည် အစ်ကို့အတွက်သာ စိတ်ရင်းဖြင့် တောင်းသောဆုဖြစ်ပြီး နိုး ဒီအလုပ်ကြောင့် အစ်ကို့ကို အထင်သေးခဲ့တာမျိုး ဘယ်တုန်းကမှ မရှိခဲ့သလို တကယ်လို့ အစ်ကိုက ဒီအလုပ်ကိုပဲ ဆက်လုပ်နေမယ်ဆိုရင်တောင် နိုးက လက်ခံမည်မှာ သေချာပါသည်။ နိုးက နားလည်ပေးနိုင်သူကြီး မဟုတ်တောင် လျစ်လျူရှုတဲ့နေရာမှာ အကောင်းဆုံးပဲမဟုတ်လား။

ကျောင်းပြီးတဲ့အချိန်မှာ အစ်ကိုကို့မျှော်ခဲ့ပေမယ့် အစ်ကိုကတော့ နိုးဆီကို ထပ်ရောက်မလာတော့ပါ။ အဲဒီညက ညတာရှည်လွန်းခဲ့သဖြင့် အစ်ကို နိုးကို မြင်သွားခဲ့တာလား။ နိုးက လျစ်လျူရှုတဲ့နေရာမှာ တော်ရင် အစ်ကိုကလည်း ဟန်ဆောင်ခြင်းအတတ်မှာ တစ်ဖက်ကမ်းပဲလေ။

အလွန်သိသာလွန်းသော အစ်ကို့၏ ဟန်ဆောင်ခြင်းအနုပညာတစ်ရပ်ပင်။

နိုး ပြတင်းပေါက်တံခါးမှ အပြင်ဘက်မှိုင်းအုံ့နေတဲ့ ကောင်းကင်ပြင်ကို လှမ်းမျှော်ကြည့်လိုက်၏။ ကောင်းကင်ဟာ သူ့ခံစားချက်တွေကို ဖွင့်ဖောက်ပြီး ချပြနေသယောင် မိုးစက်တွေအဖြစ် ရွာသွန်းချနေတာဟာ အကြောင်းပြချက်တွေ လုံလုံလောက်လောက်။ နိုးတစ်ယောက်သာလျှင် မလုံလောက်တဲ့ အကြောင်းပြချက်တွေနဲ့ တစ်စုံတစ်ယောက်ကို တမ်းတမိနေသည်။ တမ်းတလို့နေဆဲဖြစ်သည်။ အမြစ်တွေဟာ အချိန်ကြာလာလေ ပိုပြီးတွယ်လာလေ။

"အန်တီ ကရင်လို အယ်ဒိုက ဘာအဓိပ္ပာယ်လဲ။"

ကရင်တိုင်းရင်းသူဖြစ်သော အန်တီ့ကို အစ်ကိုပြန်မလာတော့သည့် ရှစ်နှစ်အကြာမှာ ထိုမေးခွန်း မေးဖြစ်ခဲ့သည်။ အဖြေကို စောင့်ဆိုင်းနေသော ဝင်လေထွက်လေသည် ပုံမှန်ငြိမ်သက်လျက်ရှိပြီး အပြင်ဘက်မှာ တဖျောက်ဖျောက်ကျနေသော မိုးစက်သံများသာ ဆူညံလျက်ရှိ၏။

"အယ်ဒိုဆိုတာ အချစ်ဆုံးလို့ ပြောတာ။"

မီးစာကုန်သော မီးအိမ်သည် တဖန်ပြန်၍ နလန်မထူနိုင်တော့ပေ။

……….

“အကယ်၍ပေါ့”

အစ်ကို...တကယ်လို့လောကကြီးက မတရားပါဘူးလို့ ထင်လာတဲ့အခါ ကျွန်တော့်ဆီ ပြန်လာခဲ့ပါ။

ကျွန်တော့်လောကမှာ အစ်ကိုသာလျှင် တရားမျှတမှုပါ။ ကျွန်တော့်ကမ္ဘာဟာ အစ်ကိုအတွက်ဆို အလေးသာပါတယ်။

တကယ်လို့ အိပ်မက်ဆိုးတွေမက်တဲ့အခါ...စိတ်ပျက်စရာလူတွေကို ပြစ်ထားခဲ့ပြီး ကျွန်တော့်ဆီပြန်လာခဲ့ပါ။

နေလို့မှပျော်ရဲ့လားဆို...ပျော်အောင်တော့ နေနေပါတယ်လို့ မဖြေပါနဲ့။ ကြာရင် အစ်ကို့စကားတွေ မလေးနက်ပဲ နေတော့မယ်။

တကယ်လို့ပေါ့...အစ်ကိုသာ ပြန်လာမယ်ဆိုကျွန်တော် အားလုံးနဲ့တစ်ယောက်ကို ရွေးလိုက်နိုင်ပါတယ်။

………….

"ELDO"Where stories live. Discover now