"ဘာလဲ....အတန်းခေါင်းဆောင်က ရည်းစားစကားပြောလိုက်လို့လား....."အရှိုက်ကိုထိမှန်သွားစေနိုင်သော တည့်တိုးကျသည့်မေးခွန်းကို လဝန်းကမေးလိုက်တော့ ဆယ်ကျော်သက်မိန်းမပျိုလေးအား ကြိတ်၍သဘောကျနေသူမှ ရည်းစားစာပေးခြင်းခံလိုက်ရသည့်ပမာ တိမ်လွှာမျက်နှာပြင်တစ်ခုလုံးထူပူသွားလေသည်။
"အာ....အဲလိုတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ခပ်ဆင်ဆင်ပါဘဲ...သူကငါ့ကို သဘောကျတယ်တဲ့ သူနဲ့တွဲပါလားတဲ့...."
တိမ်လွှာ စကားဆုံးသွားတာနဲ့ တပြိုင်နက် လဝန်းကောက်ခါငင်ကာနှင့် သိချင်တာကို မေးလိုက်သည်။ ထိုအချိန်တွင် ဆန်းကလည်း နဂိုမြူးရွှင်နေသော မျက်နှာလေးကို ဘရိတ်အုပ်ရပ်တန့်လိုက်ပြီး အဖြေကိုသိချင်နေသော အလေးအနက်မျက်နှာနှင့် တိမ်လွှာ၏ အဖြေစကားကို ငြိမ်၍စောင့်နေလိုက်သည်။
"တွဲလို့ပြောတာနဲ့ ခေါင်းငြိမ့်လိုက်ရောလား...."
"ဟာ...ငြိမ့်စရာလားကွ။ ပြောတိုင်းခေါင်းငြိမ့်တာက ပုတ်သင်ညိုလေ...ငါက ပုတ်သင်ညိုမှ မဟုတ်တာကြီးကို...."
တိမ်လွှာ၏ ရွှတ်နောက်နောက် အဖြေကို ကြားလိုက်ရ၍ လဝန်းစိတ်နည်းနည်းအေးသွားသော်လည်း လက်မအေးသည့် ဆန်းက တိမ်လွှာ့ နဖူးကို ခပ်ဆတ်ဆတ် ရိုက်လိုက်ပြန်ရင်း
"မေးနေတာကို ကောင်းကောင်းမဖြေဘူး။ လာနောက်နေသေးတယ်...."
"ဘာလို့လဲ။ မင်းလည်း အတန်းခေါင်းဆောင်ကို သဘောကျတာဘဲ မဟုတ်လား။ ဘာလို့ တန်းပြီး ခေါင်းမငြိမ့်ခဲ့လဲ...မင်းမျက်နှာကိုကြည့်ရတာ သဘောကျခဲ့မဲ့ပုံဘဲကို..."
ဆန်း၏အတည်ပေါက်နှင့်စနောက်နေမှုတို့ကို လျစ်လျူရှုလိုက်ရင်း ဝေခွဲ၍မတတ်သော အတွေးတို့ကို လဝန်း ထုတ်ဖော်မေးမြန်းလေတော့သည်။
KAMU SEDANG MEMBACA
'နေ'ပိုင်ဆိုင်သော'လ'
Romansaဦးနှောက်ကမမှတ်မိရင်တောင် နက်ရှိုင်းတဲ့အချစ်တွေမှာ နှလုံးသားလေးက ရင်ခုန်သံကို မှတ်မိနေတတ်တယ်။