ဒီနေ့မနက် အိပ်ရာထတာနဲ့ ငါပြုံးမယ်လို့ ဆုံးဖြတ်ထားတယ်။ ဟုတ်တယ်။ အင်္ဂလိပ်လို သူလည်းမပီ ကိုယ်လည်းမပီနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘာတွေမေးလို့ ဘာတွေဖြေနေမှန်းမသိတဲ့ Reception က ကလေးမလေးတွေကို ပြုံးပြုံးလေးပဲ စကားပြောဖြစ်တယ်။ ဘယ်နေရာရောက်ရောက် ထိုင်းပဲထင်ပြီး ထိုင်းလိုပဲ လာပြောနေသူအားလုံးကိုလည်း ပြုံးပြတာပဲ။ စာရေးချင်လာလို့ မှတ်စုစာအုပ်ဝယ်ဖို့ ဈေးမေးတာကို ဘတ် ၃၅၀ လို့ဖြေတဲ့ လူကြီးကိုတော့ မပြုံးပြခဲ့ပါဘူး။ ဘယ့်နှယ်နော်။ လွန်လွန်းတယ်။ တခြားနေရာမှာ ဘတ် ၁၀၀ ပဲ ရှိတာကို။ 😢
Grand Palace
ပထမဆုံးသွားလည်ဖြစ်ခဲ့တယ်။ လှပါတယ်။ ခမ်းနားတယ်။ ထည်ဝါတယ်။ မြဘုရားရှိတဲ့ ကျောင်းဆောင်ဆိုရင် တော်တော်လေးကို ထူးခြားသပ္ပါယ်တာ။ ဒါပေမဲ့ ၀င်ကြေး ဘတ် ၅၀၀ က နင့်ခနဲပဲ။ မတန်သလို ခံစားရတယ်။ နောက်တစ်ခါ ထပ်လည်ဖြစ်မယ့်နေရာတစ်ခုတော့ မဟုတ်ဘူး။ Tourist တွေနဲ့ ပြည့်ကြပ်သိပ်နေပြီး တစ်ယောက်နဲ့တစ်ယောက် ရှောင်လို့မရလောက်အောင် လူတိုးပြီး ကြည့်ရတာကြောင့်လည်းပါတယ်။ ဒီနေရာမှာ စိတ်အ၀င်စားဆုံးက ရာမဇာတ်တော် နံရံဆေးရေးပန်းချီတွေ။ ဘယ်လိုတောင် အသက်ဝင်မှန်းမသိဘူး။ အရမ်းထူးခြားတယ်။ စလယ်ဆုံး ၂ ခေါက်လျှောက်ကြည့်တာတောင် မ၀ဘူး။ မနက်ဖြန် အမျိုးသားဇာတ်ရုံမှာ ပြဇာတ်သွားကြည့်ချင်တယ်။ 😢
Wat Arunမြစ်ကမ်းဘေးက ဘုရားလေး။ အရမ်းသဘောကျတာပဲ။ ဘုရားဖူးချင်သူတွေအတွက်ရော ဓာတ်ပုံလှလှရိုက်ချင်သူတွေအတွက်ပါ အဆင်ပြေတဲ့နေရာလေးပေါ့။ ၀င်ကြေး ဘတ် ၅၀ ကို ပျော်ပျော်ကြီးကို ပေးခဲ့တာ။ အဲ့ဒီ့ဘုရားကိုရောက်ဖို့ မြစ်တစ်ဖက်ကမ်းကို စက်လှေနဲ့ကူးရတာလည်း ပျော်စရာကောင်းတယ်။ ကိုယ့်လို လှေမှားတက်ပြီး ကိုရီးယား Tourist တွေကြားထဲ ညပ်မပါသွားဖို့တော့ လိုပါတယ်နော့်။ 😅 ရုပ်ကပြောင်တော့ ခပ်တည်တည်ပဲ။ သူတို့နဲ့ မြစ်ကမ်းတစ်လျှောက် စက်လှေစီးပြီး ကိုရီးယားလို ရှင်းပြနေတာတွေကို အခမဲ့လိုက်နားထောင်ခဲ့တယ်။ 😆
16.12.2018