8

11.4K 1.9K 261
                                    

Check Below for UNICODE

Zawgyi

"ရလား .. ကောင်လေး"

လူသား ခေါင်းညိမ့်လိုက်သည်။ တကယ်တော့ မရ။ သွေးပူနေတုန်း ဒဏ်ရာကမသိသာပေမဲ့ တဖြည်းဖြည်း ကွေးလို့ ဆန့်လို့ပင်လို့မရ။ လေတစ်ချက်တိုးတိုက်လိုက်တိုင်း ပတ်တီးအောက်က ပြဲလန်နေသော ပွန်းပဲ့ဒဏ်ရာအထိ စိမ့်ဖျင်းနေသည်။

တံတောင်ကွေးပါမချန် ပတ်တီးစည်းထားသောကြောင့် မံမီရုပ်လို ဆန့်ဆန့်ကြီး၊ လှုပ်ရှားမှု့တိုင်းက စက်ရုပ်ကြီးလို တောင့်တောင့်ကြီး။ လမ်းပြင်သည့်ဦးလေးကြီးက စက်ဘီးမှောက်လဲကာ ဒဏ်ရာအပြင်းအထန်ရသွားသော လူသားကို ဆေးခန်းလိုက်ပို့ပြီး ထမင်းကျွေးသည့်အပြင် အခုအိမ်အထိပါ ပြန်လိုက်ပို့သည်။ ဦးလေးကြီးကို မှီတွဲအားပြု၍ လှေကားတစ်ထစ်ချင်းစီ တက်လာသည်။

တတိယအထပ်ကိုရောက်လာချိန် တဝူးဝူး တဝါးဝါး လသားကလေးတစ်ယောက် စကားပြောနေသံက သူ့နားထဲဝင်လာသည်။

ရှုပ်ရှုပ်!

မမြင်ရသော်လည်း အပေါ်ထပ်ကို ယောင်းရမ်း၍ ခေါင်းမော့ကာ လှမ်းကြည့်သည်။ သူ့နားထဲကြားနေရတာ ရှုပ်ရှုပ်အသံမှ ရှုပ်ရှုပ်အသံ။ လသားကလေးတွေပြောသော ဘာသာစကားလုံးက တူကောင်းတူနိုင်သည်။ သို့သော် ရှုပ်ရှုပ်အသံကို သူမှတ်မိသည်။ ခွဲခြားနိုင်သည်။ အခုကြားနေရတာ ရှုပ်ရှုပ်အသံ။

ရှုပ်ရှုပ်က ဟိုအန်တီကြီးတွေနဲ့ ပါသွားပြီလေ၊ ဘာလို့ ဒီရောက်နေရမှာလဲ ...

ကြောင်အလျက် သူ့လှုပ်ရှားမှု့  ခြေလှမ်း ရပ်သွားသောအခါ တွဲပေးထားသော ဦးလေးကြီးက

"ကောင်လေး ဆက်မလျှောက်နိုင်တော့ဘူးလား၊ အရမ်းနာနေလို့လား"

"ဗျာ .. ဟင့်အင်း ဆက်လျှောက်နိုင်ပါတယ်"

အပေါ်ထပ်ကို မော့ကြည့်နေသော ဦးခေါင်း ပြန်ငိုက်ကျ၍ ကိုယ့်စိတ်ကိုယ် သတိနဲ့ပြန်ထိန်းကျောင်းရသည်။

ရှုပ်ရှုပ်ဒီမှာ ပြန်ရောက်နေစရာအကြောင်းမရှိဘူး။

အတူတွဲလာသော ဦးလေးကြီးက ကလေးအသံကို သတိမပြုမိ၊ ပုံမှန်အတိုင်း။ လူသားတစ်ယောက်နားထဲပဲ အစွဲအလမ်းလွန်၍ ထင်ယောင်ထင်မှား နားကြားမှားတာ ဖြစ်မည်။

TRI_AGAINWhere stories live. Discover now