”အချစ်က ဘ၀တစ်ခုလုံးမဟုတ်ပါဘူး... ဘ၀ရဲ့ အစိတ်အပိုင်းလေးတစ်ခုပါ...”
စာကြည့်စာပွဲရှေ့ကနံရံမှာ ရေးကပ်ထားတဲ့ စာကိုဖတ်ပြီး
မြ နာကျင်စွာရယ်လိုက်မိသည် ။ အချစ်က ဘ၀ရဲ့ အစိတ်အပိုင်းလေးသာပါ ။ အဲ့ဒီ အချစ်ကစလို့ မြရဲ့ဘ၀ပြသာဒ်ကြီး မီးလောင်နေခဲ့ရပြီလေ ။အချစ်ဆိုတဲ့စကားလုံးကို မြ ကြောက်တယ် ။ စိတ်နာတယ် ။
တန်ဖိုးထားတတ်သူရဲ့ လက်ထဲမှာဆို အချစ်က ဘ၀ရဲ့ တစ်ယောက်တည်းအထီးကျန်အချိန်တွေအတွက် အား ။
တန်ဖိုးမထားတတ်သူရဲ့ လက်ထဲမှာဆို အချစ်က တယောက်ယောက်ရဲ့ ဘ၀ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မဲ့ ဓား ။
ဓား ....ဟုတ်တယ်။ အချစ်ယောင်ဆောင်ထားတဲ့ ဓားကြောင့် မြရဲ့ စိတ်တခုလုံး စုတ်ပြတ်သတ်ကြေမွနေပြီ ။ မြ အချစ်ကို မယုံတော့ ။ လုတွေကိုမယုံတော့။
အသက်ရှုနေလို့သာ ရှင်သန်နေသေးသည် ထင်ရသည် ။ မြရဲ့စိတ်ကတော့ သေဆုံးသွားခဲ့ပြီ ။တစုံတယောက်ရဲ့ လှည့်စားမှုအောက်မှာ ။ တစုံတယောက်ရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေအောက်မှာ ။ မြရဲ့ မွေးရာပါ အားနည်းချက်တစ်ခုကို လှေကားတစ်စင်းလို အသုံးချပြီး သူ့ဘ၀အမြင့်ရောက်အောင် နင်းတက်သွားတဲ့ ခြေထောက်တွေအောက်မှာ ။ မြရဲ့ စိတ်၊ မြရဲ့ ခံယူချက၊် မြရဲ့ ခံစားချက်၊ မြရဲ့အိပ်မက်၊ မြရဲ့ ယုံကြည်ရာ အားလုံးဟာ ထိုခြေထောက်တစ်စုံရဲ့ နင်းခြေမှုအောက်မှာ မွမွကြေသွားခဲ့ပြီ ။ ခု ချိန်မှာ မြဟာ အသက်ရှုနေတဲ့ လူ့အခွံတစ်ခုသာ ။
”မြရေ..အတွေးတွေလွန်နေပြန်ပြီလား
ကွယ်…မိုးကျနေပြီလေသမီး..အိမ်ထဲ
ဝင်ရအောင်နော်.…”မြရဲ့ဘေးမှာလာရပ်ပြီး မြဦးခေါင်းလေးကို ညင်သာစွာပွတ်သပ်လာတဲ့ ရီရီ့ရဲ့ လက်ကို မြခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည် ။ လုတွေရဲ့သနား ဂရုဏာကို ခံယူရမှာ မြတကယ်မုန်းပါသည် ။ သို့သော် ထိုထဲမှာ ရီရီ့ရဲ့ မြအပေါ်ထားတဲ့ စိတ်ထားမပါ ။ ရီရီလောက်မြအပေါ် အစစ်အမှန်တွေပေးနိုင်တာ နောက်ထပ်မရှိတော့ဟု မြနှစ်နှစ်ကာကာကို ယုံပါသည် ။
YOU ARE READING
မွနဲ့ မာန
Romanceမြထားတဲ့မာနဆိုတာ မြ ကိုလူအများနဲ့ ခြားပေးမဲ့စည်းတစ်ကြောင်းမဟုတ် ။ မြရဲ့ မာန က မြဆိုတဲ့ဖြစ်တည်မှုကို ကာကွယ်ပေးမဲ့ တံတိုင်းငယ်လေးတစ်ခုသာ။