Chapter 6 (Z)

17.9K 1.7K 33
                                    

ပညာအရိပ် ကိုယ်ပိုင်အထက်တန်းကျောင်းဝင်းထဲသို့ ကိုနေက ဆိုင်ကယ်မောင်းဝင်သွားသည်။ ကျောင်းသို့ရောက်သည်အထိ လမ်းတစ်လျှောက် ကိုနေ့၏ခါးကို Koe က မလွှတ်စတမ်း ဖက်တွယ်လာသည်။ ကျောင်းဝင်းထဲရောက်သည့်အခါ ကိုနေက ဆိုင်ကယ် Stand တွင် ဆိုင်ကယ်ရပ်လိုက်သည်။

"ကဲ .. Koe ..ညနေ ကျောင်းဆင်းရင် ဒီကိုပဲ လာခဲ့လိုက်၊ အစ်ကို ဒီကပဲ စောင့်နေမယ်"

"ဟုတ် ကိုနေ ..အဲ့ဒါဆို ကျွန်တော် သွားပြီနော်"

ကိုနေ့ကို နှုတ်ဆက်ပြီး စတုတ္ထတန်း ကျောင်းဆောင်ဘက်ကို Koe ထွက်လာလိုက်သည်။ ကိုနေကလည်း နဝမတန်း ကျောင်းဆောင်ဘက်ကို ထွက်သွားသည်။ ဒီနေ့သည် ကျောင်းပြန်ဖွင့်သည့်နေ့ဖြစ်သည့်အတွက် ကျောင်းသားများက မိုးဆမ်းပန်းများကဲ့သို့ ပွင့်လန်းနေကြသည်။

"ဟေ့ .. Koe .. ခဏစောင့်ဦး"

နာမည်ခေါ်သံကြားသည့်အတွက် အသံလာသည့်ဘက်ကို Koe လှည့်ကြည့်လိုက်သည်။ မနှစ်တုန်းက Koe နှင့်အတူ တစ်တန်းတည်းထိုင်သည့် မြတ်မင်းက Koe ဆီကို တန်းတန်းမတ်မတ် ပြေးလာသည်။

"မျောက်မင်း ဖြည်းဖြည်းလာကွာ၊ ကျောင်းက ဘယ်မှ ထွက်မပြေးဘူး"

မနှစ်ကတည်းက မြတ်မင်းကို မျောက်မင်းဟု Koe ရွှတ်နောက်နောက် ခေါ်ခဲ့သည်။ Koe က ထိုကဲ့သို့ခေါ်လိုက်တိုင်းမှာ မြတ်မင်းသည် ဆွေ့ဆွေ့ခုန်၍ နာတတ်သည်။

"ခွန်ကိုး ..မင်းနော် မင်း ..မင်းကိုခင်လို့ ခွင့်လွှတ်ပေးလိုက်မယ်"

မြတ်မင်းသည် နာမည်ဖျက်ခေါ်ခံရလို့ ဒေါသထွက်သော်လည်း ဘယ်တုန်းကမှ ဗွေမယူတတ်လို့လည်း Koe က မြတ်မင်းကို နာမည်ဖျက်ခေါ်တတ်သည်။ သို့သော် မြတ်မင်းအရှေ့တွင်သာ ခေါ်သည်။ အခြားသူများအရှေ့တွင် မျောက်မင်းဟု မခေါ်ဖူးပါ။

"ဟေ့ Koe ..ငါ မင်းကို မေးပါဦးမယ်"

Koe နှင့်မြတ်မင်းသည် ဘေးချင်းယှဉ်လျက်  လျှောက်နေကြသည်။ မြတ်မင်းက မေးပါဦးမယ်ဆိုတော့ Koe လည်း ခေါင်းကိုစောင်းငဲ့ကာ မြတ်မင်းကိုကြည့်လိုက်သည်။

"မေးလေ၊ ဘာမေးမလို့လဲ"

"မင်းနဲ့ ကျောင်းအတူလာတဲ့ တစ်ယောက်က မင်းအစ်ကိုကြီးလား၊ အရပ်မြင့်မြင့်နဲ့ ရုပ်ဖြောင့်တယ်နော်၊ ငါဖြင့် မနှစ်က မမြင်ဖူးပါဘူး"

ရင်မှပျိုးသော စတော်ဘယ်ရီ🍓[Completed]Where stories live. Discover now